ကော်သူးလေတပ်မတော် (KTLA) က တပ်ဖွဲ့ဝင် ၁၆ ဦးဟာ တပ်မဟာ ၄ ဆီ လက်နက်အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ KNLA တပ်မှူး ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KIC သတင်းဌာနကဖော်ပြပါတယ်။
လာရောက်ပူးပေါင်းသူတွေဟာ တနင်္သာရီ အခြေစိုက်ဆာကဆောတပ်မ ဗိုလ်အယ်ကွီး ခေါ် ကော်လာဖိုးဦးဆောင်တဲ့တပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အခုလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၂) ဆီကို လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
ကော်သူးလေရဲဘော် ၁၆ ဦးဟာ တပ်ရင်း (၁၂) နယ်မြေကိုပို့ခံရတဲ့အချိန် အခုလိုပူးပေါင်းလာတာဖြစ်ပြီး လက်ရှိတာဝန်မပေးသေးပေမယ့် တပ်ဖွဲ့ဘက်တံဆိပ်တွေကို ပြောင်းလဲထားလိုက်ပြီလို့ KNLA တပ်မဟာ ၄ ရဲ့ တပ်မှူးတစ်ဦးက KIC ကို ပြောဆိုထားပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကတော့ အဲဒါဟာသတင်းအမှားဖြန့်တာသာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ ဘာရည်ရွယ်ချက်နဲ့လုပ်လဲတော့မသိဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ပြောတဲ့ ၁၆ ယောက်ဆိုတာက ကျနော်တို့စာရင်းထဲမှာလုံးဝမရှိပါဘူး” လို့ရဲဘော်ကိုချမ်းက ပြောပါတယ်။
KNU တပ်မဟာ ၄ ရဲ့စစ်ရုံးကို တနင်္သာရီတိုင်းမ်က ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ကေအန်ယူ တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့အကြား သဘောထားတင်းမာတာတွေဆက်တိုက်ရှိနေပြီး အခုနှစ် နှစ်ဆန်းပိုင်းမှာ တိုက်ပွဲတွေအထိ ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း နှစ်ဖက်ပစ်ခတ်မှုတွေ ရှိခဲ့သလို KNLA စစ်ဘက်ရေးရာကွပ်ကဲမှူး ဗိုလ်မှူးစောဖိုးစီ စီးနင်းလာတဲ့ကားကို ကော်သူးလေတပ်မတော်ဘက်က ပစ်ခတ်ခဲ့တာကြောင့် ဗိုလ်မှူးစောဖိုးစီနဲ့ ရဲဘော်တစ်ဦးသေဆုံးခဲ့ပါတယ်။
ဒေသခံကရင်တိုင်းရင်းသားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကရင်အချင်းချင်းတိုက်ခိုက်မှုကိုမလိုလားဘဲ ပဋိပက္ခကို အမြန်ဆုံးဖြေရှင်ပေးဖို့နဲ့ ဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကိုပဲ တိုက်ခိုက်ကြဖို့ တောင်းဆိုထားပါတယ်။
ကော်သူးလေတပ်မတော်ကို KNDO ဗိုလ်ချုပ်ကြီးဟောင်း စောနယ်ဒါးမြက ပြီးခဲ့တဲ့နှစ်က ဖွဲစည်းတည်ထောင်ခဲ့တာဖြစ်ပြီး တနင်္သာရီတိုင်းအတွင်းက တပ်ဖွဲ့တွေကိုတော့ ဗိုလ်အယ်ခွီး ခေါ် ကော်လာဖိုးက ဦးဆောင်လှုပ်ရှားနေပါတယ်။