စစ်ကိုင်းတိုင်း တမူးမြို့အနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။
တမူးမြို့နှင့် (၃)မိုင်ခန့်အကွာရှိ တမူးခရိုင် တပ်ရင်း(၄)၏စခန်းကို စစ်ကောင်စီတပ်က ယနေ့(စက်တင်ဘာ ၁၆ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
” မြို့အထွက်နားမှာ ချကြတယ်။ ကလေးတွေ( PDFတပ်ဖွဲ့ဝင်များ) မထိတာတော့ အတည်ပြုနိုင်ပါတယ်။ တိုက်ပွဲကတော့ အရမ်းပြင်းထန်ပါတယ်”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။
နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး တမူးခရိုင် တပ်ရင်း (၄)က ယင်းနေရာမှဆုတ်ခွာခဲ့ရာ စခန်းအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။
လတ်တလော အသေးစိတ်အတည်မပြုနိုင်သေးသောသတင်းအရ တမူးမြို့နယ်မှ CDM ရဲအရာရှိတစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။ တိုက်ပွဲနှင့် ဆက်စပ်မှုရှိ၊မရှိကိုမူ မသိရသေးပေ။ထို့အပြင် တမူးခရိုင် တပ်ရင်း(၄)ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
တမူးမြို့နယ်၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများအချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် တမူး – အောင်ဇေယျ ကားလမ်းပိုင်းကို အသွားအလာမပြုလုပ်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာ ၁၂ရက်တွင် သတိပေးထားသည်။