တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ(၅၆၁) တပ်ရင်းက တပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အသက် ၃၀ နှစ်အရွယ် တပ်သားအောင်ဇော်မင်းဟာ MA-3 မောင်းပြန်တစ်လက်၊ ကျည်ဆံ ၁၀၀ ဝန်းကျင်၊ ကျည်ဘောက် ၃ ခုနဲ့အတူ အခုလ ၁၀ ရက်နေ့က ခမရ(၅၆၁)တပ်ရင်းကနေ ထွက်ပြေးလာတာဖြစ်တယ်လို့ သိရပါတယ်။
ထွက်ပြေးပြီးနှစ်ရက်အကြာမှာ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်ဖြစ်တဲ့ တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အဆက်အသွယ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဂျက်က “သွားခေါ်တုန်းကတော့ တယောက်နဲ့တယောက်စိုးရိမ်တာပေါ့နော်။ ဒီဘက်ကိုလာတာ တိုက်ဖို့လာတာလား ဘယ်လိုရည်ရွယ်ချက်နဲ့လာလည်းမသိတော့ စိုးရိမ်တယ်။ မိုးကလည်းတအားရွာနေတာ သူ့ကိုခေါ်ဖို့ အလယ်မှာအချိတ်ဆက်တွေအများကြီးနဲ့ ဆက်သွယ်ခဲ့ရတယ်။”လို့ ပြောပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ကိုယ့်ဘက်ကို ပူးပေါင်းလာတဲ့အတွက်ပီတိဖြစ်ရပြီး ကောင်းကောင်းမွန်မွန်လည်းဆက်ဆံထားတယ်လို့ ကိုဂျက်က ဆက်ပြောပါတယ်။
တပ်ကိုစွန့်ခွာထွက်ပြေးပြီး လက်နက်နဲ့အတူအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ကိုအောင်ဇော်မင်းကို ဂုဏ်ပြုဆုငွေချီးမြှင့်သွားဖို့ ရှိတယ်လို့လည်း ကိုဂျက်ကဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုအောင်ဇော်မင်းထွက်ပြေးလာပြီးနောက် ခမရ(၅၆၁)တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ တပ်ရင်းအနီးတဝိုက်ကို စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။ တပ်ရင်းအနီးတဝိုက်က ပြည်ထောင်စုလမ်းမတလျှောက်မှာလည်း အစစ်ဆေးတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အခုနှစ် ဧပြီလကလည်း ခမရ(၅၆၁)တပ်ရင်းကနေ MA-3မောင်းပြန်တစ်လက်၊ ကျည် ၂၀၀တောင့်၊ လက်ပစ်ဗုံးတစ်လုံးနဲ့ ချပ်ဝတ်တန်ဆာအချို့နဲ့အတူ စစ်ကောင်စီတပ်သားတစ်ဦး တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ခဲ့ဖူးပါတယ်။