မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၁)လမ်းနဲ့ (၂၆)လမ်းထောင့်က စစ်အုပ်စုပိုင် မြဝတီဘဏ်မှာ ဒီနေ့လည်ပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အစောင့် စစ်အုပ်စု ရဲတစ်ယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ(၁၆)ရက် ဒီနေ့လည် (၂)နာရီလောက်က မန္တလေးမြို့လည်၊ (၈၁)လမ်း၊ (၂၆)လမ်းနဲ့ (၂၇)လမ်းကြားမှာ ရှိတဲ့ စစ်အုပ်စုပိုင် မြဝတီဘဏ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“အခု စစ်ဆေးရေး ရောက်နေကြတယ်။ ရပ်ကွက်လူကြီးပါ ပါတယ်။ လာပြီးစစ်နေတာ ။CCTVတွေပါ လိုက်စစ်နေတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့ ဂိတ်အစောင့် စစ်အုပ်စု ရဲတစ်ယောက်ကို ဆေးရုံပို့လိုက်ပြီလို့ ဆိုပါတယ်။
အခု ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာမှာ စစ်အုပ်စုက ဂိတ်ဖွင့်ထားပြီး စက်တင်ဘာ(၁၄)နဲ့ (၁၅)ရက်တို့မှာ နှစ်ရက်ဆက် စစ်အုပ်စုက လမ်းပေါ်တက် လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို အော်ဟစ်ဆဲဆိုကာ စစ်ဆေးငွေညစ်နေတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက အော်ဟစ်ဆဲဆို ဖမ်းဆီးငွေညှစ် သောင်းကျန်းခဲ့တဲ့ နေရာမှာ ပေါက်ကွဲမှု ဖြစ်တာဖြစ်ပြီး ဘယ်သူက ဖောက်ခွဲတယ်ဆိုတဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။