တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ GTC ကျောင်းအနီးတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးနှင့် ကင်းပုန်းတို့ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့ – DGRF မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဟာလီး ကွေ့အနီး၌ ဝန်ကြီး ခရီးစဥ် ရှိသောကြောင့် လမ်းလုံခြုံရေး ကင်းပုန်းယူနေသည့် Vigo ကားပေါ်ပါလာသော စစ်သား များကို စနိုက်ပါဖြင့် ၄ ချက်ပစ်ခတ်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ စနိုက်ပါ ပစ်ခတ်သည့်နေရာကို လာရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါ၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၆ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် GTC ကျောင်းသို့ စစ်တပ်ခန့် ဝန်ကြီးရောက်ရှိစဥ် တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် ကင်းပုန်းများကို ၇၉ မမ ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဝန်ကြီးတော့ ဝန်ကြီးပဲဗျ၊ ဘယ်ဝန်ကြီးမှန်း ကျနော်တို့လည်း မသိရဘူး၊ ကင်းပုန်းက ချတာကြာပြီ၊ မနက် ၆ နာရီမတိုင်ခင်ကတည်း အဲဒီတဂွင်မှာ ကင်းပုန်းက လာချထားပြီးသား၊ ဟားလီးကွေ့ နားလေး မှာ ခွေး ၁၅ ကောင်လောက်ရှိတယ်၊ အဲဒီခွေးတွေကို စနိုက်ပါနဲ့ ပစ်မယ်ဆိုပြီးသွားတာ၊ ဖြစ်ချင်တော့ Vigo ကားတစ်စီးနဲ့ လာချတယ်၊ ကားပေါ်မှာက စစ်ခွေး ၁၀ ဝန်းကျင်လောက်ပါတယ်၊ ပစ်ကွင်း က လည်းကောင်း၊ စနိုက်ပါနဲ့ဆိုတော့ ပိုပြီးတော့ သေချသွားတာ၊ အဲလိုစနိုက်ပါနဲ့ ပစ်တော့ စနိုက်ပါနဲ့ ပစ်ခတ်တဲ့နေရာကို ကင်းပုန်းဝပ်နေတဲ့အဖွဲ့က လာဝိုင်းတယ်၊ အဲဒါကိုလည်း လက်ဦးမှုရယူပြီးတော့ တိုက်ခိုက်လိုက်တာပေါ့၊ အဲနားမှာတော့ ထိတွေ့မှု တော်တော် လေးကြာခဲ့တယ်၊ အဲဒီမှာကတော့ ၁ ဦးသေတာပဲ အတည်ပြုလို့ရတယ်၊ ကျန်တဲ့ ဒဏ်ရာနဲ့သေတာ တွေကတော့ အတည်ပြုလို့မရဘူး၊ နေ့ လည် ၁၂ နာရီကတော့ ဝန်ကြီး GTC ကျောင်းကို ရောက်နေတဲ့အချိန်မှာ ၈၀ နဲ့က ၃ လုံးပစ်တယ်၊ ၃ လုံး စလုံးကွဲတယ်၊ ၇၉ မမကတော့ ၅ လုံး ၆ လုံးလောက်ပဲ၊”ဟု ထားဝယ်ပြောက်ကျားတပ်ဖွဲ့ – DGRF မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို Dawei Guerilla Revolution Force- DGRF (ထားဝယ် ပကဖ) တပ်ခွဲ ၂ နှင့် ဥဩစစ်ကြောင်း တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။