အကြမ်းဖက် စစ်ကောင်စီကို အကျိုးပြုနေတဲ့ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီနေ့မှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတခုဟာ အများပြည်သူအကျိုးကို ဦးစားပေးရမှာ ဖြစ်ပေမယ့် အခုအခါမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားဝင်မှုနဲ့ အခွန် သို့မဟုတ် အကျိုး အမြတ် စသည်တို့အပေါ် တနည်းတလမ်းအားဖြင့် အကျိုးပြုနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက သုံးသပ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် အမိန့်များ၊ ကြေညာချက်များဖြင့် အကြိမ်ကြိမ်သတိပေးခဲ့ သော်လည်း လိုက်နာခဲ့ခြင်း မရှိတဲ့ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နဲ့တကွ လက်အောက်ခံ အသင်းခွဲတွေကို ဖွဲ့စည်းပုံနဲ့တကွ ဖျက်သိမ်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ဒီအမိန့် ထုတ်ပြန်ပြီးနောက် အဆိုပါ အဖွဲ့အစည်းမှာ ဆက်လက် ပါဝင်လုပ်ကိုင်နေခြင်း၊ ပူးပေါင်းလုပ်ကိုင်နေခြင်း၊ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲနေခြင်း၊ ယင်းအဖွဲ့အစည်းရဲ့ အမည်နဲ့ ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နေတဲ့ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူသွားမည်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၄/၂၀၂၃ ရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ သဘောတူညီချက်များအရ အမိန့်ထုတ်ပြန် ကြေညာလိုက်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။