မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း မိုးမောက်မြို့နယ် အောင်ဂျာရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက်တွင်လည်း လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်လာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောင်ဂျာအနီး စစ်စခန်းသုံးခုရှိသည့်အနက် စခန်းတစ်ခုကို KIAက စက်တင်ဘာ ၁၆ရက်တွင် သိမ်းပိုက်ခဲ့ရာ ယမန်နေ့တွင် လေကြောင်းမှ ၁၀ကြိမ်ခန့်တိုက်ခိုက်ခဲ့သည်။
“ဒီမနက် မြစ်ကြီးနားကလာတဲ့ ဖိုက်တာ သုံးစီးနဲ့ အောင်ဂျာဘက် သုံးကြိမ်ဗုံးကြဲသွားပါတယ်” ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့ နံနက် ၁၀နာရီ ၁၈ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၂၁ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၄၆ မိနစ်တွင်တစ်ကြိမ် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မနက် ၈နာရီမှာ တိုက်ပွဲပြင်းထန် နေတယ်။ အခုပြန်ငြိမ်နေတယ်”ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ နှစ်ဦးနှင့် လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက အသိပေးထားသည်။
စစ်ကောင်စီတပ်က အဆိုပါဒေသသို့ စစ်အင်အားများ ဖြည့်တင်းလျက်ရှိရာ ဗန်းမော်မြို့မှလာသည့် စစ်ကြောင်းများ လဂျားယန်ဒေသသို့ ရောက်ရှိနေသည်ဟုလည်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့ညပိုင်းတွင် ပြောကြားထားသည်။