စစ်ကောင်စီက မတရားဖမ်းဆီးပြီးထောင်ဒဏ်သုံးနှစ်ချမှတ်ထားတဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီ က ၅၀-ည နဲ့ထပ်မံတရားစွဲဆို လိုက်တယ်လို့ သိရှိရပါတယ်။
စစ်ကောင်စီတပ်တွေက ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မဆုရည်လင်း ကို မတရားဖမ်းဆီး ခဲ့ပြီး ၂၀၂၂ခုနှစ် မတ်လ ၃၁ရက် နေ့တွင် အကြမ်းဖက်စစ် အုပ်စုလက်အောက်ခံ ထောင်တွင်း တရားရုံးက မဆုရည်လင်းအား ရာဇသတ် ကြီး ပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မဆုရည်လင်းကို ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရပြီး ၅၂၇ ရက်အကြာမှာ အကြမ်းဖက် စစ်ကောင်စီက ပုဒ်မ ၅၀ ည နဲ့ ထပ်မံတရားစွဲဆို လိုက်တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက် မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ – ည နဲ့ ထပ်မံတရားစွဲဆို လိုက်တာ ဖြစ်ပြီး ၂၀၂၃ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ နှင့် ၁၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ကထုတ်ပြန်ထားပါတယ်။
ယခုလို မတရားစွပ်စွဲ တရားစွဲဆိုတဲ့ လုပ်ရပ်ဟာ အကြမ်းဖက်စစ်ကောင်စီက နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် ပါဝင်လှုပ်ရှားနေကြတဲ့ ကျောင်းသားထုတစ်ရပ်လုံးကို ဖိနှိပ်မှု သာဖြစ်တယ်လို့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ကဆိုပါတယ်။