ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက်က လွိုင်ကော် မြို့အထွက်၌ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ ထိတွေ့မှု ဖြစ်ပွားနေခြင်းဟု ဆိုသည်။
“၉ နာရီလောက်ကတည်းက ထိတွေ့မှု ဖြစ်နေတာပေါ့ ။စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးနေတာရှိတယ်။အသေးစိတ်တော့ မသိရသေးဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ထို့အတူ လွိုင်ကော်မြို့အထွက် နွားလဝ်ိုးကျေးရွာအနီး စစ်ကောင်စီတပ်က လှုပ်ရှားနေ၍ ပြည်သူများအနေဖြင့် အသွားအလာဂရုစိုက်ကြရန်လည်း လွိုင်ကော်မြို့နေသူတစ်ဦးက အသိပေးသည်။
“လက်နက်ကြီးသံကြားတာတော့ ငါးလုံးလောက် ရှိပြီ။ စစ်ကားတစ်ချို့ သွားနေတာလည်း တွေ့ရတယ်”ဟု ၎င်းက ပြောသည်။
နွားလဝိုးကျေးရွာသည် မိုးဗြဲ-လွိုင်ကော်လမ်းမပေါ်၌ တည်ရှိပြီး စစ်ကောင်စီယာဥ်တန်းများမကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရသည့် နေရာဖြစ်သည်။
ဇူလိုင်နောက်ဆုံးပတ်က ရှမ်းပြည်နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ကရင်နီသို့ အင်အားဖြည့်စဥ် နှစ်ဖက်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ လက်နက်ရှစ်လက်အပါအဝင် ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းနိုင်ခဲ့သည်။