စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှ နာမည်ကြီး ပျူစောထီးကျေးရွာဖြစ်သော ပန်းဆက်ရွာမှ ပျူများလိုက်ပါလာသည့် စစ်သင်္ဘောတစ်စီးသည် ယနေ့ နံနက် ၁၁နာရီခန့်တွင် ချင်းတွင်းမြစ်အတွင်း နစ်မြုပ်သွားပြီး အများအပြားသေဆုံးမှုရှိကြောင်း အဆိုပါမြို့ခံများက ပြောသည်။
၁၂စီးပါ စစ်သင်္ဘောအုပ်စုသည် ဟုမ္မလင်းမြို့မှ ထွက်ခွာလာပြီး ကျောက်မီးသွေးများ၊ ကျောက်စိမ်းများတင်ဆောင်လာကြောင်း၊ ယမန်နေ့(စက်တင်ဘာ ၁၈ရက်)ညက မင်းကင်းမြို့၊ ပန်းဆက်ရွာဆိပ်တွင် ညအိပ်ကာ ယနေ့ ပြန်ထွက်ခွာစဉ် နစ်မြုပ်သွားခြင်းဟု သိရသည်။
“ပန်းဆက်ပျုရွာကနေ အထွက်မှာ သောင်ခုံပေါ် ဘေးတခြမ်းတင်ပြီး လည်ထွက်ပြီးမြုပ်သွားတာ။ ပျူတွေ အများကြီး သေတယ်ကြားဝာယ်”ဟု မင်းကင်းမြို့ခံတစ်ဉီးက ပြောသည်။
စစ်ကောင်စီက ပန်းဆက်ရွာမှ ပျူစောထီး ၃၀၀ခန့်ကို အဆိုပါ သင်္ဘောပေါ် ခေါ်ဆောင်သွားစဥ် တိမ်းမှောက်ခြင်းဟု မင်းကင်းမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်သင်္ဘောနစ်မြုပ်မှုကို မင်းကင်းနှင့် ကနီမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ခုထံ People’s Spring က ဆက်သွယ်မေးမြန်းရာ အဆိုပါနှစ်ဖွဲ့လုံးက အတည်ပြုသည်။
” မြုပ်သွားလို့ မစုန်တော့ဘဲ အဲ့နားမှာပဲ ရပ်နေတယ်။ မြစ်အောက်ဖက်ရွာတွေမှာ ပစ္စည်းတွေ မျောလာတာရှိတယ်”ဟု ကနီမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ စစ်သင်္ဘောအုပ်စုသည် ပြီးခဲ့သည့် ဇူလိုင်က မုံရွာ၊ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်နှင့် ဟုမ္မလင်းမြို့များသို့ ဆန်တက်သွားပြီး ယခု ပြန်ဆင်းလာခြင်းဖြစ်သည်။