ဧရာဝတီတိုင်း၊ အိမ်မဲမြို့တွင်းတွင် ညအချိန်စစ်ကောင်စီတပ်မှ ကင်းလှည့်ရာ၌ အရပ်သား လူလတ်ပိုင်းအရွယ် အမျိုးသားအချို့ကို အရန်မီးသတ်ဝတ်စုံ ဝတ်ဆင်ခိုင်းပြီး လက်နက်ငယ်အချို့ တပ်ဆင်ပေးကာ အသုံးပြုလာကြောင်း မြို့ခံများထံက သိရသည်။
အိမ်မဲမြို့တွင်းရှိ ရပ်ကွက်များနှင့် အိမ်မဲ-မြောင်းမြ ကားလမ်းမအနီးနေရာ၌ စစ်ကောင်စီတပ်သားများ ကင်းလှည့်ရာတွင် အထက်ပါအတိုင်း လုပ်ဆောင်လာကြောင်းမြို့ခံများက ပြောသည်။
” ညပိုင်းစစ်တပ်နဲ့ရဲတွေကင်းလှည့်တော့ ရပ်ကွက်ထဲက လူလတ်ပိုင်းအရွယ် တွေကိုပါ အရန်မီးသတ်ဝတ်စုံတွေပေးဝတ်ပြီး ကင်းလှည့်ခိုင်းလာတယ်။ အိမ်မဲ-မြောင်းမြလမ်းဘက်မှာလည်း တွေ့တယ်။ အရင်ရက်က ပြည်သူ့စစ်သင်တန်း အတင်းတက်ခိုင်းတဲ့ သူတွေကိုလှည့်ကင်းအဖွဲ့ထဲ ထည့်သုံးလာတာ ထင်တယ်” ဟု အမှတ်၅ ရပ်ကွက်ဒေသခံ အမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ အရပ်သားများအပေါ် အရန်မီးသတ်ဝတ်စုံနှင့် လက်နက်ငယ်အချို့ပေးအပ်တပ်ဆင်၍ လှည့်ကင်းပတ်ရာတွင် အသုံးပြုရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က မြို့နယ်ထွေအုပ်အဖွဲ့မှ ပြည်သူ့စစ် သင်တန်းဆင်းသူ၃၀ဦး နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အစည်းအဝေးခေါ်ယူကာ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နီးစပ်သူများထံကသိရသည်။
” မြို့နယ်ထွေအုပ်က အစည်းအဝေးခေါ်တာ။ အဓိက ပြည်သူ့စစ်သင်တန်းဆင်းတွေကို ကင်းလှည့်တဲ့နေရာမှာ အသုံးပြုဖို့အတွက်ပြောတာပေါ့။ စစ်ဝတ်စုံမဝတ်ခိုင်းပဲနဲ့ မီးသတ်ဝတ်စုံ ဝတ်ခိုင်းပြီးတော့ ကင်းပတ်ခိုင်းတယ်။ တစ်ညကို နှစ်ထောင် ပေးပြီးတော့ ခိုင်းတာပေါ့။ အင်အားကအယောက်၃၀ လောက်တော့ရှိတယ်” ဟု အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကဆိုသည်။
အိမ်မဲမြို့တွင်း၌ ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးအပတ်ကစ၍ ရပ်ကွက်အလိုက် လူငယ်လူလတ် အမျိူးသား၃၀ ဦးထက်မနည်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ စာရင်းကောက်ယူ၍ ပျူစောထီး(ပြည်သူ့စစ်) သင်တန်း စေလွှတ်ခဲ့သည်။