ချင်းပြည်နယ်တွင် စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှ ၂၀၂၃ ခုနှစ် ဩဂုတ်လကုန်အထိ မြေမြှုပ်မိုင်းကြောင့် အသက်မပြည့်သေးသည့် ကလေး သူငယ်များ အပါအဝင် ဒေသခံပြည်သူစုစုပေါင်း ၂၀ ဦးသေဆုံးပြီး ခြေပြတ်၊ လက်ပြတ် ထိခိုက်ဒဏ်ရာရရှိသူ ၃၇ ဦးရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံက သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုများပြားပြီး အသက်မပြည့်သေးသည့် ကလေး ငယ်များနှင့် သက်ကြီးရွယ်အိုပိုင်းတို့ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်ကြောင်းသိရသည်။
“အဓိကကတော့ မြေမြှုပ်မိုင်းအန္တရာယ်က ပထမဦးဆုံးအနေနဲ့ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်ကို အများကြီးထိခိုက်စေတယ်။ မြေမြှုပ်မိုင်းအန္တရာယ်တွေ ကြုံတွေ့မှု များလာတဲ့အခါမှာ တချို့လူတွေက တောင်ယာတွေဆီ မသွားရဲတော့ဘူး။ ဝမ်းစာတွေ မရှာရဲတော့ဘူး။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြီး နေအိမ်တွေကို ပြန်လာတဲ့ အချိန်မှာ မြေမြှုပ်မိုင်းအန္တရာယ်က အခက်အခဲတွေအများကြီး ဖြစ်စေတယ်။ ဒီမြေ မြှုပ်မိုင်းက သူတို့အတွက် စားဝတ်နေရေး၊ လုံခြုံရေးအတွက် ကြီးမားတဲ့ အတားအဆီး တစ်ခုလိုဖြစ်စေတယ်”ဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူအများစုသည် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့်ဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အချို့လည်းရှိကြောင်းသိရသည်။