မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်က ပစ်လိုုက်တဲ့ လက်နက်ကြီးထိမှန်တဲ့အတွက် အသက် ၆၉ နှစ်အရွယ် အဖွားတဦး ဆေးကုသမှုခံယူရင်း လေးရက်အကြာမှာသေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မြစ်သာမြစ်အရှေ့ဘက် မြင်သားရွာကို စက်တင်ဘာ ၁၆ ရက်၊ညနေပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်အရပ်သားနှစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီသူတွေအားလုံးဟာ မြင်သားရွာအနောက်ဖက်သုံးမိုင်ဝန်းကျင်အကွာ ရွာသစ်ကုန်းရွာကနေ စစ်ရှောင်လာကြသူတွေဖြစ်ပြီး ညစာစားနေချိန်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အခုလိုသေဆုံး၊ ဒဏ်ရာရတာဖြစ်ပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ အသက် သုံးနှစ်နဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးနှစ်ဦးနဲ့ အသက် လေးနှစ်အရွယ်ယောက်ကျားလေးတဦးအပါအဝင် အသက်သုံးဆယ်ကျော်ကနေ အသက် ခုနှစ်ကျော်အရွယ်ကြား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦး စုစုပေါင်း ရှစ်ဦးပါဝင်ပါတယ်။
အဲဒီလိုဒဏ်ရာသူတွေဟာ ဆေးကုသမှုခံယူနေရင်းက လေးရက်အကြာမှာ ဒဏ်ရာရသူရှစ်ဦးထဲက အသက် ၆၉ နှစ်အရွယ် အဖွားတဦးဟာ ဒီကနေ့မှာ သေဆုံးခဲ့တာလို့ ဂန့်ဂေါမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိသူတွေထဲက အသက် ၃၇ နှစ်အရွယ်နဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသားနှစ်ဦးကတော့ အသက်အန္တရာယ်စိုးရိမ်နေရသေးတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၅ ရက်မှာ မြောက်ခင်ရန်းကျေးရွာက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ပျူစောထီးတွေဟာ မြောက်ခင်ရန်းရွာရဲ့အရှေ့တောင်ဘက် သင်တောကျေးရွာကိုလာပြီး ကတုပ်ကျင်းတွေတူးနေစဉ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီဘက်က ခုနှစ်ဦးသေဆုံးပြီးတော်လှန်ရေးအင်အားစုက တဦးဒဏ်ရာရရှိပြီးနောက် အခုလိုအရပ်ဖက်ပစ်မှတ်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာလို့ လည်း ဒေသခံတွေကပြောကြပါတယ်။