စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပျူစောထီးရွာနှစ်ရွာအတွက် ရိက္ခာဟုဆိုကာ ကျေးရွာ ခြောက်ရွာရှိ ဆန်နှင့်ပစ္စည်းများအား အဓမ္မသိမ်းယူသွားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၉ရက်မှစတင်ကာ စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်းရှိ နွယ်ရှောက်ရွာ၊ ကျောက်ဖျာကန်ရွာ၊ အင်ကြင်းစုရွာ၊ မင်းတိုင်ပင်ရွာ၊ နှောရိုးရွာ၊ စပါးစေ့ရွာ အစရှိသည့်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ဆန်နှင့်ရိက္ခါများ၊ အဖိုးတန်ပစ္စည်းများအား အဓမ္မလုယူသိမ်းဆည်းသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် ပြည်သူများ၏ ပစ္စည်းများသာမက သံဃာတော်များ၏ ကျောင်းပစ္စည်းများပါမကျန် လုယက်သိမ်းယူနေကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်က မင်းတိုင်ပင်ကျေးရွာ ကင်းဝန်ဘုန်းကြီးကျောင်းရှိဆန်နှင့်ရိက္ခာများကို လှည်းများဖြင့် ပျူစခန်းသို့ သယ်ဆောင်သွားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
“ဘုန်းကြီးကျောင်းက ကျောင်းပိုင်ပစ္စည်းတွေရော ရပ်ကွက်ကလာထားတဲ့ပစ္စည်းတွေကော ခိုးပြီးလုယူသွားတာ။ လှည်း ၁၅စီးလောက်ဝင်တယ်။ လှည်းတစ်စီးကို ဆန်အိတ်အနည်းဆုံး ၅ အိတ်ကနေ ၇အိတ်လောက်ထိ တင်သွားတယ်ပြောတယ်။ အခြားထားတဲ့ပစ္စည်းတွေကော ရိက္ခါတွေကော အကုန်ယူသွားတာပြောတယ်။”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လူသားစာနာတာဝန်ခံက ပြောသည်။
အဆိုပါစစ်ကြောင်းများသည် ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာနှစ်ရွာအတွက် ရိက္ခာများ အဓမ္မသိမ်းနေခြင်းဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
ပစ္စည်းများလုယက်သယ်လာသည့် စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုထိခိုက်မှုများရှိနေသည်။
ထို့အပြင် အဆိုပါ စစ်ကြောင်းဝင်ရောက်လာ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး နီးစပ်ရာကျေးရွာများက ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်။
ယင်းစစ်ကြောင်းသည် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရေကြောင်းမှတဆင့် ဆားလင်းကြီးမြို့နယ်သို့ ဝင်ရောက်ပြီး စက်တင်ဘာ ၉ရက်မှစတင်ကာ ပုလဲမြို့နယ်အတွင်းဆက်လက်ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။