ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းက တပ်သား ၂ဦး လက်နက်တွေနဲ့အတူ KNLAကို လာရောက်ပူးပေါင်းခဲ့တယ်လို့ KNUက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဝေါ်လေ အခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းက တပ်ရင်းမှူး ဝင်းနောင်ထွန်း နဲ့ ဒု-ရင်းမှူး သက်စိုး ဦးဆောင်တဲ့ လှုပ်ရှားစစ်ကြောင်းက တပ်သား (၂) ဦး ဖြစ်တဲ့ အသက် ၂၀ဝန်းကျင်သာ ရှိသေးတဲ့ ကိုကိုနိုင် နဲ့ အိုက်လျှန်း တို့နှစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ စက်တင်ဘာ ၆ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၆)၊ တပ်ရင်း (၁၀၃)၊ တပ်ခွဲ (၁) ထံကို လာရောက် ပူးပေါင်းခဲ့တာပါ၊
တပ်သားတစ်ဦး နဲ့အတူ ပါလာတဲ့ လက်နက် ခဲယမ်းများမှာ MA-1 (၁) လက်၊ ၎င်းကျည်ဘောက် (၄) ဘောက်၊ ၅.၅၆ ကျည်တောင့် (၂၃၉) တောင့် နဲ့ အီကွေးမင့် (၁) စုံ တို့ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
ကျန်တပ်သား တစ်ဦးမှာမူ လမ်းခရီး နဲ့ အခြေနေအရ ၎င်းကိုင်ဆောင်ထားတဲ့ လက်နက်ကို ၎င်းရဲ့ တပ်ရင်းက ပြန်လည်သိမ်းဆည်းရမိခဲ့တဲ့အတွက် ကိုယ်လွတ်ရုန်းထွက်လာရတာ ဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် မတရားဖိနှိပ်အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး လက်နက်ခဲယမ်းနအတူ ပူးပေါင်းဝင်ရောက်လာတဲ့ တပ်သား (၂) ဦးကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (K.N.L.A)က ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်း ဘတ်တိတိ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် အထက်အရာရှိကြီးဆိုသူတွေရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုကို မနှစ်သက်လို့ ၎င်းတို့ရဲ့ တပ်ကနေ ကြိုးစားရုန်းထွက် လွတ်မြောက်ကာ နွေးထွေးတဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့ အထိ တိုင်းရင်းသားလက်နက် ကိုင် တော်လှန် ရေး သမားတွေနဲ့ အတူ ပူးပေါင်းပါဝင် ကူညီသွားမှာ ဖြစ်တယ်လို့ KNUက ၎င်းတို့ရဲ့ သဘောထားကို အတိအလင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်က မည့်သည့် စစ်သားမဆို မိမိတို့ရဲ့တပ်ကို စွန့်ခွာကာ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး နဲ့ ပြည်သူလူထုတွေရဲ့ ရင်ခွင်ကို လက်နက်ခဲယမ်းတွေနဲ့ အတူ လာရောက်ပူးပေါင်းလာတဲ့ စစ်သားတွေကို ပြည်သူလူထုက နွေးနွေးထွေးထွေးကြိုဆိုနေတယ်ဆိုတာနဲ့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးက ၎င်းတို့ရဲ့ ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။