ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ထဲက ကျေးရွာတွေမှာ ပအို၀်း ပြည်သူ့စစ်-PNO က ပြည်သူတွေ ဆီက ဆက်ကြေးတောင်း ငွေညှစ်နေလို့ အခက်တွေ့နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရပ်စောက်မြို့နယ်၊ ပင်ဖြစ်စံပြကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေမှာ PNO စစ်သားတွေ အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက် ငွေညှစ်နေပြီး ငွေကြေး အဆမတန် တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“ရွာမှာ နာရေးရှိလို့ ၀က်သတ်ရင်လည်း သူတို့ကို သတင်းမပို့လို့ဆိုပြီး ၀က်သားတွေလည်း သိမ်းတယ်။ ပြီးတော့ ဒဏ်ကြေးဆိုပြီး ပိုက်ဆံ ၆ သိန်းကိုလည်း တောင်းတယ်။ လူကိုပါ ရိုက်နှက်သွားသေးတယ်” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျေးရွာနေ လူငယ် တစ်ဦးကို ဆေးပြားရှုတယ်လို့ PNO စစ်သားတွေက ပြောဆို စွပ်စွဲပြီး ငွေကျပ်သိန်း ၂၀ ခြိမ်းခြောက် တောင်းယူသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ ကျေးရွာ တစ်၀ိုက်မှာ ကြက်၀ိုင်း၊ ဖဲ၀ိုင်း၊ ချဲဒိုင်တွေ PNO ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားပြီး လစဥ် ဆက်ကြေး ကောက်နေတဲ့အပြင် ပြည်သူတွေဆီက အခုလို အကြောင်းအမျိုးမျိုးပြ ငွေညှစ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ PNO ပြည်သူ့စစ် ထိန်းချုပ် နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေမှာ ပြည်သူတွေထံက လက်နက်ဖိုး၊ ရိက္ခာဖိုး၊ ကျည်ဖိုး တွေသာမက ကားဘီးခွန်ဖိုး ဆိုကာ အကြောင်းအမျိုးမျိုးပြပြီး လစဥ် ဆက်ကြေး ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။