ရန်ကုန်မြို့လယ်ရှိ စျေးတစ်ခုတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ပြီး လုံးဝ(လုံးဝ)အုပ်ချုပ်ခွင့်မရစေရေး တော်လှန်လှုပ်ရှားမှုတစ်ရပ်ကို “စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike)” က စက်တင်ဘာလ ၂၀ ရက်နေ့တွင် လူစည်ကားရာနေရာတစ်ခု၌ ပြည်သူအများကြားတွင် ပြုလုပ်ခဲ့ကြောင်း Sc Strike ထံမှ သိရသည်။
အဆိုပါလှုပ်ရှားမှုတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သောသီချင်းများကို Bluetooth speaker ဖြင့် ဖွင့်ခဲ့ပြီး ပြည်သူလူထုမှပူးပေါင်းပါဝင်ခြင်းနှင့် အားပေးထောက်ခံမှုများကို အားတက်ဖွယ် တွေ့မြင်ခဲ့ရကြောင်း Sc Strike တွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင် ဖက်ဒရယ်ဒီမိုကရေစီပြန်လည်ရရှိရေးတက်ကြွလှုပ်ရှားကြသူများက လူစည်ကားရာနေရာအချို့တွင် ပြည်သူများ သွေးမအေးစေရန် အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်လာကြခြင်းဖြစ်ပါသည်။