ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က မိုင်းတွေ ထောင်ထားတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူတွေကို မနေ့က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
မိုးဗြဲမြို့မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေဖြစ်တဲ့ ပွဲကုန်း (၁)၊ (၂)၊ စည်ကား (၁)၊ (၃)၊ ဒုန်းဒူထန်၊ စက်တော်ရာ၊ စုပေါင်း စတဲ့ ရပ်ကွက်တွေမှာ မိုင်းတွေ ထောင်ထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဘက်က ထိုးစစ်ဆင်လာမှာ ကြောက်လို့ သူတို့ (စစ်ကောင်စီ) ထိုင်တဲ့ နေရာကလွဲပြီး အနီးအနားမှာ မိုင်းတွေ ပတ်ထောင်ထားတာ ဖြစ်မှာပေါ့။ ပြည်သူတွေကိုပဲ လုံး၀ မသွားကြဖို့ မှာချင်ပါတယ်” လို့ မိုးဗြဲ PDF တာ၀န်ရှိသူ တစ်ဦးက ရှင်းပြပါတယ်။
အဆိုပါ ရပ်ကွက်တွေမှာ ပြည်သူ တစ်ချို့ ဖြတ်သန်း သွားလာနေတာ မြင်တွေ့နေရတာကြောင့် ဖြတ်သန်း သွားလာမှု လုံး၀ မပြုလုပ်တော့ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ထောက်ပို့ လမ်းကြောင်းအဖြစ် အသုံးပြုနေတဲ့ မိုးဗြဲ-နန်းမယ်ခုံ ကတ္တရာလမ်းကိုလည်း ပြည်သူတွေ အသုံးပြု သွားလာမှု မပြုလုပ်ကြဖို့ မိုးဗြဲ PDF က မေတ္တာရပ်ခံ ထားပါတယ်။
မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်နေတာ ၂ လနီးပါး ရှိပြီဖြစ်ပေမဲ့ ၂ ဖက်တပ်တွေ စစ်ရေး တင်းမာနေဆဲဖြစ်လို့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်လို့ မိုးဗြဲ PDF တာ၀န်ရှိသူ တစ်ဦးက ပြောဆိုထားပါတယ်။