ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပုလောမြို့နယ်ထဲမှာရှိတဲ့ ရွာ ၄ ရွာက နေအိမ် ၃၀ နီးပါးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
လက္ကူးရွာကနေအိမ် ၁၇ ဆောင်၊ ပြင်းဖြူရွာကနေအိမ် ၅ ဆောင်၊ မဒေါင်ရွာကနေအိမ် ၂ ဆောင်၊ ပိတပ်ရွာကနေအိမ် ၅ ဆောင်တို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာပါ။
မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေထဲမှာ လက္ကူးရွာက Non-CDM ဝန်ထမ်းတစ်ဦးရဲ့ နေအိမ်လည်းပါဝင်ခဲ့ပါပြီး ပျဥ်ထောင်အိမ်တွေ အများဆုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
“တချို့အိမ်တွေကျတော့လည်း ဘာမှန်းကိုမသိဘဲရှို့သွားတာ။ တချို့ကျတော့လည်း တော်လှန်ရေးအုပ်စုတွေနဲ့ပြောဖူးဆိုဖူးတဲ့အိမ်တွေပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အခုလ ၁၅ ရက်၊ ၁၇ ရက်၊ ၁၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ချိန် အိမ်တွေကိုမီးရှို့ခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ကတော့ လက္ကူးကျေးရွာအုပ်စုထဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မဒေါင်ရွာ၊ ပိတပ်ရွာက နေအိမ်တွေကို မီးရှို့ပြီး တိုကျေးရွာအုပ်စုကတဆင့် ပလမြို့ဘက်ကို တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
မနေ့ကတော့ စစ်ကောင်စီတပ်တွေဟာ ပလမြို့ပေါ်မှာ ကင်းပုန်းဝပ်တာတွေတောက်လျှောက်လုပ်ဆောင်နေပြီး ဇရပ်ဆိပ်ရွာတွေဘက်ကို စစ်ကြောင်းဝင်မဲ့အခြေအနေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပလထွေအုပ်ရုံးနားတဝိုက်ကင်းပုန်းတွေရှိတယ်။ ဇရပ်ဆိပ်၊ ကြဲရွာတောက်လျှောက်လည်းရှိတယ်။ သူတို့(စစ်ကောင်စီ)တအားပြင်နေကြပြီ။ ကျနော်တို့တောင်ပြေးရတော့မလားမသိဘူး။” လို့ ပလမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပင်လယ်ပြင်မှာတော့ စစ်သင်္ဘော ၅ စီးခန့်ရှိနေပြီး စစ်သင်္ဘောတွေ၊ စစ်ကောင်စီတပ်ရင်းတွေဆီကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေနေ့တိုင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။