ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးက ကောင်းမှုကျေးရွာမှာ ဒီနေ့ စက်တင်ဘာလ ၂၂ ရက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မွန်းတည့် ၁၂ နာရီခွဲ ဝန်းကျင်မှာ TNLA တပ် တည်ရှိတဲ့ ကောင်းမှုကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်ရာက သေဆုံးမှုများလို့ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ခိုမုန်းရွာခံ အမျိုးသမီး တစ်ဦးက “ခုလေးတင်ဘဲ ဂျက်လေယာဉ် ၄ ခေါက် လာပစ်သွားတယ်။ အခုလည်း လေယာဉ်သံ ပြန်လာနေတယ်။ လက်နက်ကြီးသံတွေလည်း တော်တော်ကျယ်တယ် “လို့ ဒီကနေ့ နေ့လယ်က ပြောဆိုပါတယ်။
ခိုမုန်းကျေးရွာနဲ့ ၅ မိုင်ခန့်သာကွာဝေးတဲ့ ကောင်းမှုကျေးရွာကို စစ်ကောင်စီ နမ့်ဖတ်ကာ တပ်စခန်း ကနေ လက်နက်ကြီးတွေ ပစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
မနေ့ စက်တင်ဘာလ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၀န်းကျင်ကလည်း စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
TNLA မြေပြင်တပ်ဖွဲ့ဝင် တစ်ဦးက “မနေ့က စစ်တပ်ဘက်က သေတယ်။ အခုလည်း တိုက်ပွဲဆက်ဖြစ်နေတော့ စစ်တပ်ရဲ့ အလောင်းတွေ ဘယ်နှစ်လောင်းလဲ ဆိုတာ အရည်အတွက် ပြောလို့ မရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကလည်း ခိုမုန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။