ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမ ထီးတန်းဦးပိုင်ဆီကန်၏ ဂိတ် ၃ အပေါက်ဝရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) အရောင်းဆိုင် နှင့် အင်း၀ဘဏ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း KMD18 အမဲလိုက်သမား (Hunter Unit)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) အရောင်းဆိုင် နှင့် အင်း၀ဘဏ်ကို အဝေးထိန်းမိုင်းများအသုံးပြု ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို KMD18- အမဲလိုက်သမား (Hunter Unit) မှ “နွေဦးမုန်တိုင်း”အဖွဲ့မှ စစ်ဆင်ရေးအနေနှင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း KMD18 အမဲလိုက်သမား (Hunter Unit) မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
“မနက် ၅ နာရီကျော်က ပေါက်ကွဲမှုဖြစ်တာတော့ မှန်ပါတယ်။ မနက်အစော ဆိုတော့ ကြည့်မြင်တိုင်တစ်မြို့နယ်လုံးကြားလိုက်ရတယ်။ ဗုံးပေါက်ကွဲသံ ကို”ဟု ကြည့်မြင်တိုင်မြို့နယ်၊ ဟုမ်းလမ်းအနီး နေထိုင်သူပြည်သူတစ်ဦးက ပြောသည်။
ပြည်သူ့ဘဏ္ဍာများကို ကိုယ်ကျိုးရှာ အလွဲသုံးစားလုပ်နေပြီး ပြည်သူလူထုတစ်ရပ်လုံးကို အနိုင်ကျင့် သတ်ဖြတ်နေသော အကြမ်းဖက် စစ်တပ် ၏ ဝင်ငွေရင်းမြစ်ကို ဖြတ်တောက်နိုင်ရန်အတွက် ယခုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မစ်ရှင်လုပ်ဆောင်ခဲ့သည့် တော်လှန်ရေးအဖွဲ့ သားများ အားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ပြည်သူများအနေ ဖြင့် အကြမ်းဖက်စစ်တပ် တပ်စခန်းအနီးနားများ၊ ဘန်ကာများ၊ ကင်းပတ်ကား များ နှင့် ဝေးဝေးရှောင်ကွင်းကြရန် KMD18 အမဲလိုက်သမား (Hunter Unit) မှ တာဝန်ရှိသူက မေတ္တာရပ်ခံပြောဆိုသည်။