ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ အတွက် အခြေခံ စားနပ်ရိက္ခာတွေကို “ကယောလူငယ်သို့တစ်ဆင့်” အဖွဲ့က စက်တင်ဘာလ ၁၆ ရက်မှာ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဖရူဆို အနောက်ခြမ်းမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်နေတာကြောင့် ဆီ၊ ကြက်ဥ၊ အာလူး၊ အသားတု၊ ငါးသေတ္တာ၊ ဆား၊ အချိုမှုန့်၊ ခရမ်းချဥ်သီး၊ ငါးပိ၊ ဆပ်ပြာမှုန့်တွေကို အလှူရှင်တွေ ကိုယ်စား သွားရောက် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ဘက်မှာ စစ်ရှောင်တွေ ရိက္ခာပြတ်တောက်နေတယ် ကြားလို့ သွားလှူဖြစ်တာပေါ့။ အိမ်ထောင်စုကတော့ များတယ်။ အခြေခံ စားသောက်ကုန်တွေ အပြင် စစ်ရှောင် အမျိုးသမီးတွေ အတွက် လိုအပ်တဲ့ အမျိုးသမီး လစဥ်သုံး ပစ္စည်းတွေက အစ သေသေချာချာလည်း လုပ်ပေးဖြစ်ပါတယ်။ အလှူရှင်တွေ ပိုပြီး ကူညီပေးဖို့လည်း တောင်းဆိုချင်ပါတယ်” လို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက ရှင်းပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ ဖရူဆိုမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကစပြီး ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတာလို့ သိရပါတယ်။