ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တစ်နေရာတွင် “Shinning Star” ဟု အမည်ပေးထားသည့် မြန်မာရွှေ့ပြောင်းကလေးများ၏ ပန်းချီပြပွဲကို ယမန်နေ့ စက်တင်ဘာ ၂၂ရက်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းချီပြပွဲတွင် စစ်တပ်အာဏာသိမ်းမှုအကြောင်း၊ သပိတ်စစ်ကြောင်း၊ အနာဂတ် ရည်မှန်းချက် စသည့် ခေါင်းစဉ်များဖြင့် ရေးဆွဲထားသည့် ကလေးငယ်များ၏ ပန်းချီလက်ရာများကို ပန်းချီပညာရှင်များ၊ နိုင်ငံခြားသားများနှင့် စိတ်ပါဝင်စားသူများ လာရောက်ကြည့်ရှုခဲ့ကြပြီး ရွှေ့ပြောင်း ကလေးငယ်များ၏ ပန်းချီကားများကို ဝယ်ယူခဲ့ကြကြောင်း ပန်းချီပြပွဲတာဝန်ခံထံက သိရသည်။
“အခုလို ပန်းချီပြပွဲကို ကျင်းပပေးတာက ကလေးတွေကို သူတို့ကိုယ်တိုင် ပရဟိတ အလုပ်ကို လုပ်နိုင်တယ်ဆိုတာ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု “Shinning Star” ပန်းချီပြပွဲတာဝန်ခံ ဆရာမမိုနာက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ “Shinning Star” ပန်းချီပြပွဲတွင် ရွှေ့ပြောင်းကလေးငယ်များ၏ ပန်းချီကား ၁၂ ကားကို ရောင်းချခဲ့ပြီး ရရှိသည့် ငွေများကို စစ်ဘေးရှောင်စခန်း နှင့် ပရဟိတ ကျောင်းတစ်ကျောင်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။