ပုလောြမို့နယ်၊ ပလမြို့က အရပ်သားဆယ်ဦးထက်မနည်းကို စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၇ နာရီလောက်စစ်ကောင်စီတပ်က ပလမြို့ အမှတ်(၃)နဲ့ အမှတ်(၄)ရပ်ကွက်မှာရှိတဲ့နေအိမ်တွေမှာ ဝင်ဖမ်းသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ဒေါ်သီတာမွှေး၊ ဦးထွေးသိန်း၊ ဦးနော်မဲ၊ ဦးကိုလတ်၊ ဦးနိုင်မင်း၊ ဦထွေးစိုး တို့ပါဝင်တယ်လို့ သိရပါတယ်။
“မနေ့ကကျတော့ စောစောပိုင်း ညနေပိုင်းလောက်ထိငြိမ်နေတာ။ ခါတိုင်းကင်းလှည့်နေကျတောင်မလှည့်ဘူး။ ညမှောင်မှ ဇတ်ခနဲဝင်ဖမ်းသွားတာ။ ပိုက်ဆံရှိတဲ့သူတွေချည်းပဲ။” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးတဲ့အကြောင်းအရင်းကိုအတိအကျမသိပေမဲ့ ငွေကြေးချမ်းသာတဲ့သူတွေကိုပဲ ရွေးဖမ်းသွားတာကြောင့် ငွေညှစ်ဖို့သက်သက်ဖြစ်နိုင်တယ်လို့ မြို့ခံအမျိုးသားက သူ့အမြင်ကို ပြောပါတယ်။
လက်ရှိမှာတော့ မနေ့ညက ဖမ်းဆီးထားတဲ့ပြည်သူတွေကို ပလမြို့ရဲစခန်းမှာပဲ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
ပုလောမြို့နယ်မှာ သာမန်အရပ်သားတွေကို ဖမ်းဆီးပြီး စစ်ကောင်စီတပ်က တစ်ယောက်ငွေကျပ်သိန်းငါးဆယ်ဝန်းကျင် အနည်းဆုံးငွေညှစ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အခုတစ်ပတ်အတွင်းမှာပဲ မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်မှာ ရွှေ့ပြောင်းအလုပ်လုပ်နေတဲ့ ပလမြို့ခံ ၈ ဦးကို စစ်ကောင်စီတပ်ကအကြောင်းအရင်းမရှိဖမ်းဆီးခဲ့ပြီး ငွေညှစ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ပလမြို့က လက္ကူးကျေးရွာအုပ်စုမှာ အခုလ ၁၁ ရက်နေ့ကစ ၁၈ ရက်နေ့အထိ ရက်ရှည်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီပဋိပက္ခတွေပြီးနောက်မှာ နယ်ကျော်သွားလာတဲ့ ပလမြို့ခံတွေကို စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာမပါရင် ဂိတ်ဖြတ်ခွင့်မပေးဘဲ ငွေညှစ်တာတွေစတင်လုပ်ဆောင်လာပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ ပလမြို့အတွင်း ကင်းပုန်းဝပ်တာ၊ ကင်းလှည့်တာတွေ အချိန်ပုံမှန်မရှိဘဲ နေ့စဥ်လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပါတယ်။