စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာနှစ်ခုကို မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Northern Tigers Group (NTG)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (စက်တင်ဘာ ၂၃ ရက်) နံနက် ၇နာရီခန့်က ခင်ဦးမြို့လယ်လမ်းဆုံ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးနှင့် အခြား မြို့တွင်းတစ်နေရာတို့၌ ဘန်ကာဆောက်ကင်းထိုင်နေသော စစ်ကောင်စီတပ်ကို Fixed Wings မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း NTG၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“လမ်းဆုံမှာက ၃ထပ်တိုက်မှာ ယာယီအထိုင်ချထားတာ။ ဘန်ကာရှိတယ်။ ဒရုန်းနှစ်စီးနဲ့ သုံးလုံးချ တိုက်ခိုက်ခဲ့တာပါ။”ဟု NTG၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ကြောင်း NTG ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
အဆိုပါစစ်ဆင်ရေးအား Northern Tigers Group (NTG)နှင့် TTA people defense force (Shwe Bo) Black Eagle local PDF (Khin U) ၊ PDAF (Shar Htoo Waw နည်းပညာ Team(3)၊ ခင်ဦးမြို့နယ် တိုက်နယ်(၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ထိုစစ်အုပ်စုသည် ပြည်သူများကို အသွားအလာပျက်အောင် နေ့စဥ် ခြိမ်းခြောက်ငွေတောင်းခံလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာ ၂၁ ရက်ကလည်း ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ အများအပြားသေဆုံးပြီး သေနတ် ၁၄လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။