ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်ရှိ နောင်တလာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကျုံဒိုးမြို့နယ်၊ စကခ ၁၂ လက်အောက်ခံ တပ်သစ်အမြှောက်ကုန်း မှ ကျုံဒိုးမြို့နယ် နောင်တလာကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နောင်တလာကျေးရွာနေမှ အသက် ၃၀ အရွယ်ရှိ စောကေတွန့် လက်နက်ကြီး ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၀ ၊ ခမရ ၅၄၆ ၊ ခလရ ၂၀၈ တပ်ရင်းများ နှင့် KNDO တပ်ရင်း ၆ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများ အတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေတကျေးရွာမှ အသက် ၆၈ နှစ်အရွယ် အဖိုးအို ၁ ဦးကို အကြမ်းဖက် စစ်သားများက ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရွှေတကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး အရှေ့တောတဲ၌ နေထိုင်သည့် အသက် ၆၈ နှစ်အရွယ် ဦးပြား ကို ဖမ်းဆီးကာ ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်ခဲ့ကြောင်း သိရသည်။။