စစ်ကောင်စီ၏ ဖိနှိပ်မှုမျိုးစုံနှင့် မတရားအာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုဒုက္ခအဝဝကို ခံစားနေရချိန်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးရမှုများ ထပ်မဖြစ်စေရေးအထူးသတိပြုရန်အမျိုးညီညွတ်ရေးအစိုးရ- NUG က သတိပေးပြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံများကိုလည်း ထုတ်ပြန်သည်။
ပဲခူးမြို့အနီး ယမန်နေ့ (စက်တင်ဘာ ၂၃ )ည လှုပ်ခတ်သော ငလျင်မှာ ရန်ကုန်မြို့ခံများ သိရှိခံစားလိုက်ရပြီး ပြည်သူများထိတ်လန့်ခဲ့ကြသည်။ ငလျှင်လှုပ်ပြီးနောက် NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ငလျင်ဘေးအန္တရာယ်ဆိုင်ရာသတိပြုရန်အချက်များကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြေငလျင်၏ သဘောတရားနှင့် မြေငလျင် မလှုပ်မီ ၊လှုပ်နေစဥ် ၊ငလျင်လှုပ်ပြီးဆောင်ရန် ၊ရှောင်ရန် အချက်များကို သတိပေးထားသည်။
စက်တင်ဘာ ၂၃ ရက်ညကလှုပ်ခတ်သော ငလျင်သည် ရစ်ခ်ျတာစကေး ၅ ဒဿမ ၁အဆင့်ရှိခဲ့သည်ဟု ထိုင်းအမျိုးသားဘူမိဗေဒဌာနက ထုတ်ပြန်ထားသည်။ မြေအနက် ၆မိုင်ခန့်တွင် ဗဟိုပြုလှုပ်ရှားခဲ့သော ဇောက်တိမ် ငလျင်ဖြစ်ပွားသောကြောင့် မြေလွှာလှုပ်ရှားမှု ပြင်းထန်ခဲ့ပြီးရန်ကုန်မြို့ခံများ သိသိသာသာ ခံစားလိုက်ရသည်။ အဆိုပါ ငလျင်မတိုင်မီ ညနေပိုင်းက ရစ်ခ်ျတာစကေး ၂ မှ ၄ ကြား ငလျင် လေးကြိမ်နှင့် လှုပ်ပြီနောက်တနေ့( ယနေ့) နံနက်အအစောပိုင်းတွင် တစ်ကြိမ် ထပ်လှုပ်ခဲ့သည်။
ပဲခူးမြို့သည် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်အပိုင်းတွင်ပါဝင်ပြီး အင်းအားပြင်းငလျင်အဖြစ် ၁၉၃၀ ခုနှစ်က လှုပ်ခတ်ခဲ့ဖူးသည်။ ယင်းငလျင်ကြောင့် ရန်ကုန်မြို့၌ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး လူ ၅၀ ဦးထက်မနည်းသေဆုံးခဲ့သည်။
စစ်ကိုင်းပြတ်ရွေ့သည် အင်အားပြင်းငလျင်လှုပ်ရှားနိုင်ခြေရှိကြောင်း ပညာရှင်များကသတိပေးထားသည်။အိန္ဒိကျောက်ထုချပ်နှင့် မြန်မာကျောက်ထုချပ် ထိစပ်ရာမှ လှုပ်ရှားနေသည့် ထိုးစိုက်ဇုန်ကြောင့်လည်း မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်ရှိနေသည်ဟု ပညာရှင်များက သတိပေးထားသည်။