ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁) နယ်မြေနှင့် စစ်ကိုင်းဒေသ အချို့၌ တိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့က ၎င်းတို့၏ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း စမ်းသပ်ပျံသန်းမှု အခြေအနေကို ပြည်သူလူထုထံ ယနေ့ အသိပေးလိုက်သည်။
အဆိုပါ ဒရုန်းစမ်းသပ်ပျံသန်းစဉ်ကာလမှ မှတ်တမ်းဗီဒီယိုတစ်ခုအား ထုတ်ပြန်ပြသခဲ့ခြင်းဖြစ်သည်။
ယခုဒရုန်းများသည် နေ့ညရာသီမရွေးပျံသန်းနိုင်ပြီး စစ်ဆင်ရေးပုံစံအလိုက် အသုံးပြုမှုပုံစံကို ပြောင်းလဲစစ်ဆင်နိုင်စွမ်းရှိကြောင်း ဖော်ပြသည်။
အဆိုပါ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်းများအား အရှိန်အဟုန်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ပြီး ထိရောက်သောစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်အတွက် Federal Wings မှ နေ့ညမပြတ် ကြိုးစားအားထုတ်လျက်ရှိကြောင်း အသိပေးသည်။
Federal Wings၏ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒရုန်းတပ်ဆင်ရေးလုပ်ငန်းများအား လျှင်မြန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ပြည်သူလူထု၏ ငွေကြေးထည့်ဝင်မှုကိုသာ အဓိက အားကိုးအားထားပြုနေရကြောင်း၊ ထို့ကြောင့် အရာအားလုံးကိုလျှို့ဝှက်ထား၍မဖြစ်နိုင်ဘဲ Federal Wings၏ တိုးတက်ဖြစ်ထွန်းမှုအခြေအနေတချို့အား ပြည်သူလူထု သိရှိအားတက်ပြီး ပူးပေါင်းအားဖြည့်ပေးနိုင်စေရန်အတွက် ယခုကဲ့သို့ကိစ္စရပ်များအား ဖော်ပြရခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
Federal Wings ဒရုန်းများ အားဖြည့်တပ်ဆင်ရန်အတွက် ပူးပေါင်း Fundraising Campaign များ လစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ Fundraising Campaign များတွင် ပါဝင်အားဖြည့်ကူညီပေးကြရန်လည်း ပြည်သူလူထုအား မေတ္တာရပ်ခံထားသည်။
Federal Wings ဒရုန်းတပ်ဖွဲ့၏ လတ်တလောစစ်ရေးဆောင်ရွက်ချက်များကိုမေးမြန်းရန် ယင်းအဖွဲ့သို့ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
Federal Wings သည် ယခုလဆန်းပိုင်းက တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ပူးပေါင်းပြီး မြ၀တီထွေအုပ်ရုံးနှင့် ရဲစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ မြ၀တီခရိုင်ထွေအုပ် နှင့် ယာယီတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရခဲ့သည်။
အဆိုပါ ဒရုန်းတပ်ဖွဲ့အနေဖြင့် ယခုနှစ် ၆လတာအတွင်း စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ၌ ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း ၂၈၀ကျော်ရှိခဲ့ပြီး ဗုံးသီး ၆၈၀ခန့် အသုံးပြုခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ၅၀ ခန့်သေဆုံးကာ ဒဏ်ရာရသူအများအပြား ရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။