ချင်းပြည်နယ် မတူပီမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီတပ်သား နှစ်ဦး ထပ်မံအလင်းဝင်လာရာ သုံးပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထိရှိပြီဖြစ်ကြောင်း မတူပီ CDFတပ်ရင်း(၂) က ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၈ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသည် မတူပီ CDFထံ အလင်းဝင်လာခြင်းဖြစ်ပြီး ဩဂုတ် ၂၈ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး အလင်းဝင်လာသည်ဟု အသိပေးထားသည်။
စက်တင်ဘာ ၁၈ရက်တွင် အလင်းဝင်လာသူများမှာ ရဲဘော်မိုးအောင်နှင့် ရဲဘော် တိုးနိုင်ဝေတို့ဖြစ်ပြီး လက်ပစ်ဗုံး နှစ်လုံးနှင့် MAကျည်ဆံ အတောင့် ၁၂၀ကျော် ယူလာသည်ဟု ထုတ်ပြန်သည်။
အလားတူ ဩဂုတ် ၂၈ရက်တွင် အလင်းဝင်လာသူများမှာ တပ်ကြပ်ကြီး ထွန်းဇော်နှင့် ဒုတပ်ကြပ် ဝေလွင်တို့ ဖြစ်သည်ဟုဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် MA1 တစ်လက်၊MA3 တစ်လက်၊ လက်ပစ်ဗုံး ၂လုံး၊ကျည်ဘောက် ၈ခုနှင့် ကျည်ဆံ အထောင့် ၅၃၀ ယူဆောင်ပြီး အလင်းဝင်လာခြင်းဖြစ်သည်ဟု မတူပီ CDF တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။
လက်နက်အပြည့် အစုံဖြင့်အလင်းဝင်လာသူ နှစ်ဦးအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းလည်း ဖော်ပြသည်။
မတူပီဒေသ စစ်ရေးအခြေအနေနှင့် စစ်ကောင်စီတပ်သားများ အလင်းဝင်ရောက်လာမှု အခြေအနေကို မေးမြန်းရန် မတူပီ CDFတပ်ရင်း(၂)ထံသို့ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။