အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက်ရှိရာမှာ စက်တင်ဘာ ၂၅ ရက်အထိ စာရင်းတွေအရ ကျဆုံးခဲ့ရသူ ၄၁၀၈ ဦးအထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုချက်တွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၉၂၆၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၃၆၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
ပြစ်ဒဏ်ကျခံရသူထဲမှ (၁၀၇) ဦးက သေဒဏ်ချမှတ်ခံထား ရတာပါ။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံ ထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းတွေအရ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၀ ဦးရှိ ပြီဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။
အာမခံနဲ့ လွတ်မြောက်လာသူက ၂၄ ဦး ရှိပြီး၊ ပြန်လည်လွတ်မြောက်လာတဲ့ အရေအတွက်က ၅၅၇၂ ရှိတယ်လို့ ဆိုပါ တယ်။ ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်တွေက AAPP မှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့အချက်အလက်နဲ ကိန်းဂဏန်းအရေအတွက်တွေက ယခုထက်ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြထားသလို အချက်အလက်တွေ ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမား တွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထား ရတာတွေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ဆက်သွယ်ဖို့လည်း ဖော်ပြထားပါတယ်။
ကျဆုံးအချက်အလက်တွေအတွက်ဆိုရင် [email protected] အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက် အလက်တွေဆိုရင် [email protected] အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကဖော်ပြထားပါတယ်။