တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်တွေမှာ ထောင်ဝင်စာ ပေးပို့ခွင့် ပမာဏကို သြဂုတ်လ ၁၅ ရက်နေ့က စတင် ကန့်သတ် တင်းကျပ်လိုက်တာကြောင့် နိုင်ငံရေး အကျဥ်းသားတွေ အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများ ကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။
အကျဥ်းထောင် အားလုံးရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် စစ်ဗိုလ်မှူးဟောင်း မျိုးဆွေ ဆိုသူကို ခန့်အပ်ပြီးတဲ့နောက် ထောင်ဝင်စာ ပေးပို့မှု ပိုမိုတင်းကျပ်လာတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
သာယာဝတီ အကျဥ်းထောင်မှာ ထောင်၀င်စာ ပါဆယ်ပို့ရာမှာ ကော်ဖီထုတ် အသေး ၇ ထုပ်၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ ငပိကျော် ၂၀ သါး၊ အသားဟင်း တစ်မျိုး၊ မုန့်တစ်မျိုးကိုသာ လက်ခံပြီး တစ်ခြား ထောင်တွေမှာလည်း အဲဒီ ပမာဏသာ သတ်မှတ် လက်ခံတယ်လို့ သူကပြောပါတယ်။
“၂၀၂၃ နောက်မှာမှ ကန့်သတ်မှုတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာတာ။ အရင်တုန်းကတော့ ထောင်ပေါ် မူတည်တယ် ခင်ဗျ။ တချို့ထောင်က ပါဆယ်အိတ် ၂ အိတ်လောက်အထိ လက်ခံတာကနေ ခုက ဒီပမာဏပဲ လက်ခံတော့တာပေါ့နော်” လို့ သူကရှင်းပြပါတယ်။
အခုလို ထောင်ဝင်စာ ကန့်သတ်မှုကြောင့် ပြင်ပက မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေရဲ့ ၂ ပတ် တစ်ကြိမ် ထောင်ဝင်စာ ပေးပို့မှုကို အားထားနေရတဲ့ နိုင်ကျဥ်းတွေ အနေနဲ့ လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။
နိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ အခုလို ထောင်ဝင်စာ ပေးပို့မှု ပမာဏ ကန့်သတ်ထားတဲ့ ထောင်ပေါင်း ၂၀ ကျော်အထိ ရှိနေပြီး ပိုမိုများပြားနိုင်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ထောင်အတွင်း အကျဥ်းကျနေသူတွေ အတွက် ယားနာပျောက် သောက်ဆေး၊ လိမ်းဆေးတွေ အမြဲ လိုအပ်နေတယ်လို့ နိုင်ငံရေး အကျဥ်းသား တစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံ အနှံမှာ နိုင်ငံရေး အကျဥ်းသားပေါင်း ၂၄,၈၀၀ ကျော်အထိ ရှိနေပြီး နိုင်ငံရေး အကျဥ်းသားတွေ အနေနဲ့ ထောင်တွင်း အကြမ်းဖက်မှုတွေ ဆိုးရွားစွာ ခံစားနေရတယ်လို့ စစ်တမ်းများအရ သိရပါတယ်။