ရန်ကုန်တိုင်း၊ ဒလမြို့နယ် ရဲစခန်းအချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားသော အချုပ်သား ၅ ဦး ယမန်နေ့ နံနက်ပိုင်းတွင် အချုပ်ခန်းခေါင်မိုးကိုဖောက်၍ ထွက်ပြေး လွတ်မြောက်သွားပြီး ယနေ့အချိန်အထိ ပြန်လည် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ယင်းသို့ အချုပ်သား ၅ ဦးက အချုပ်ခန်း၏ ခေါင်မိုးကိုဖောက်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စစ်တပ်နှင့်ရဲက ဒလ-လှိုင်သာယာအထွက်နေရာများ၊ ရန်ကုန်ဘက်ခြမ်း ဆိပ်ကမ်းနေရာများ၊ ဧရာ၀တီတိုင်း ဘက်သို့ ထွက်သည့် ဂိတ်များအားလုံးကို ပိတ်ဆို့ထားပြီး ဒလမြို့နယ်ရှိ ရပ်ကွက်အလိုက် သတင်းများ လိုက်လံစုဆောင်းလျက်ရှိကြောင်း သိရှိရသည်။
“မနေ့ မနက်အစောပိုင်းမှာ အချုပ်ခန်း ဖောက်ပြေးသွားတာမှာ အချုပ်သား ၅ ဦးမှာ မူးယစ်တရားခံ ၄ ဦးပါတယ်။ ကျန် ၁ ဦးကတော့ ရဲလုပ်ငန်းစဉ်ကို နှောင့်ယှက်လို့ အရေးယူထားတဲ့သူ။ အခုထက်ထိတော့ မမိသေးဘူး။ လွတ်သွားတဲ့ အချုပ်သားတွေ မိဖို့တော့ ကြိုးစားနေဆဲပဲ။ ဓာတ်ပုံတွေအားလုံး ဖြန့်ကျက်ပြီးတော့ ရှာနေတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် အချုပ်ခန်းတာဝန်ကျရဲတချို့ကို စစ်ဆေးမေးမြန်းလျက်ရှိပြီး ထွက်ပြေးသွားသည့် အချုပ်သားများ ပြန်လည် ဖမ်းမိနိုင်ခြင်းမရှိပါက ဖမ်းဆီး အရေးယူခံရမည်ဖြစ်ကြောင်း၊ စခန်းတစ်ခုလုံးရှိ ရဲများလည်း အဆင့်လိုက် အရေးယူခံရမည်ဖြစ်ကြောင်း သိရှိရသည်။