မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ စစ်တပ် အာဏာသိမ်းတဲ့ အခုနှစ်ဇူလိုင်လအထိ စစ်ကောင်စီတပ်စခန်း ၆၂ ခုအထိ လက်လွှတ်ဆုံးရှုံးထားရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန် ရက်(KPSN)က စက်တင်ဘာ ၂၆ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN) ရဲ့ “အာဏာဟန်ချက် အပြောင်းအလဲ မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောက်လာခြင်း”ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အစီ ရင်ခံစာမှာ ဖော်ပြပါတယ်။
အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်စွမ်းဟာ စစ်ရေးနဲ့အုပ်ချုပ်မှုအတိုင်းအတာ နှစ်ခုစလုံးမှာ သိသိသာသာမှေးမှိန် ကျဆင်းလာတယ်လို့ ဆိုပါတယ်။
စစ်ရေးနဲ့အုပ်ချုပ်ရေးကျဆင်းလာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA အပါအဝင် မဟာမိတ်တို့ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် တပ်စခန်း ၂၄ ခု သိမ်းပိုက်ခံရသလို စွန့်လွှတ်သွားတဲ့ တပ်စခန်း ၃၈ ခု ရှိခဲ့တယ်လို့ KPSN က ပြောဆိုထားပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၃၀ နီးပါးသေဆုံးခဲ့သလို ဒဏ်ရာရသူ ၄၈၀ ကျော်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အရှိန်မြှင့်လာတဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကော်သူးလေနယ်မြေထဲမှာ စစ်ရှောင်အရေအတွက် ၆၃၀,၀၀၀ ကျော်အထိ ရှိလာခဲ့သလို ဒီအရေအတွက်ဟာ အခုနှစ် ဇန်နဝါရီလကနေစတွက်ပါက စစ်ရှောင်ဦးရေ ၁၈ ရာခိုင်နှုန်း တိုးလာတာဖြစ်တယ်လို့ KPSN က ဆိုပါတယ်။
တိုးများလာတဲ့ စစ်ရှောင်အရေအတွက်နဲ့ လူတစ်ဦးအတွက် ၆ လစာ လိုအပ်ချက်အပေါ်အခြေခံတွက် ချက်မှုအရ လက်ရှိစားနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်းဖို့လာမယ့် ၁၂ လအတွက် လိုအပ်ချက်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၂ သန်း ရှိတယ်လို့ KPSN ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာလည်း အခြေခံအစားအစာတွေအပြင် အဆောက်အဦး၊ ဆေးဝါး၊ ကျောင်းထောက်ပံ့မှုသာမက ကလေးနဲ့အမျိုးသမီးတွေအတွက် သီးခြားအကူအညီတွေလည်း အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ KPSN က ထုတ်ပြန်ပြောဆိုထားပါတယ်။