စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။
ယနေ့ (စက်တင်ဘာ ၂၈ရက်) နံနက် ၆ နာရီခန့်က စစ်ကောင်စီသည် မုံရွာမြို့၊ ကျောက်စစ်ပုံအမြောက်တပ်မှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကျေးရွာများအား ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
“လက်နက်ကြီးသံ၊ ဗုံးသံတွေကြားလိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မုံရွာမင်းဒေါင့်ဆိပ်ကမ်းမှ စစ်ကောင်စီရေယာဥ် အုပ်စုကလည်း မြစ်ကမ်းဘေးရှိ ကျေးရွာများအား ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ရေယာဉ်အုပ်စုတွင် စစ်ရေယာဉ် စုစုပေါင်း ၁၆စီးပါရှိပြီး ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က အသိပေးသည်။
ယမန်နေ့(စက်တင်ဘာ ၂၇ရက်)ကလည်း မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှ စစ်သင်္ဘော တစ်စီး သည် ပစ်ခတ်၍ စုန်ဆင်းလာရာ အဆိုပါစစ်သင်္ဘောကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သေးသည်။