မြဝတီမြို့ ဒရုန်းတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်း လက်ရုံးတပ် (၁၈၀၁) Federal Wings ကို ဆုငွေ ကျပ်သိန်း ၁၀၀ချီးမြှင့်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
စက်တင်ဘာ ၃ရက် ညပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လုံခြုံရေးအစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် ငါးဦး ဗုံးထိမှန်သေဆုံးကာ ပြင်းထန်ဒဏ်ရာစိုးရိမ်ရသူ ငါးဦးအပါအဝင် ၁၁ဦး ဒဏ်ရာရခဲ့သည်။
အဆိုပါစစ်ဆင်ရေးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် PDF ဒရုန်းလက်ရုံးတပ် (၁၈၀၁) Federal Wings ကို ဆုငွေအဖြစ် ကျပ်သိန်း ၁၀၀ချီးမြှင်ခဲ့ခြင်း ဖြစ်သည်ဟု အသိပေးထားသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် ဒရုန်းလက်ရုံးတပ် (၁၈၀၁) _ Federal Wings တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်သည်။
မြ၀တီမြို့ ဒရုန်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး Federal Wingsက သတင်းထုတ်ပြန်ထားရာ ဒရုန်းတိုက်ခိုက်မှုများသည် တိကျမှုရှိသည် မှန်သော်လည်း မလိုလားအပ်သည့် ဘေးထွက်ထိခိုက်မှုများ ရှောင်ရှားနိုင်ရန် မြ၀တီမြို့တွင်နေထိုင်သော ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသည့် ရုံးများ၊ တပ်စခန်းများနှင့် ဝေးရာသို့ ရွှေ့ပြောင်းနေထိုင်ပေးရန် သတိပေးပန်ကြားထားသည်။
ထို့ပြင် စစ်ကောင်စီတပ်မျာအား တော်လှန်တိုက်ခိုက်ရာတွင် လက်နက်ကိုင်ထားသူများကိုသာ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိ၍ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများ အနေဖြင့် ရုံးများ ဝန်ထမ်းအိမ်ရာများမှ စွန့်ခွာဖယ်ရှားကြရန်လည်း သတိပေးထားသည်။