ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။
စက်တင်ဘာလဆန်းပိုင်းကနေ လက်ရှိအချိန်ထိ မိုးရွာသွန်းမှု နည်းသွားတာ၊ ရေသိုလှောင်ဖို့ လိုအပ်တဲ့ မိုးကာစတွေ မရှိတာနဲ့ စခန်းနေရာ မကြာခဏ ရွှေ့ပြောင်းရတာတွေကြောင့် အခုလို ရေရှားပါးမှုတွေ ကြုံတွေ့လာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရေပြတ်တောက်တဲ့ ပြဿနာက စစ်ရှောင်စခန်းတိုင်း အမြဲကြုံတွေ့နေရတဲ့ ပြဿနာလို့ ပြောရမယ်။ မိုးရွာနည်းတာလည်းပါတယ်။ ပြီးတော့ မိုးရွာလို့ ရေခံမယ် ဆိုရင်တောင် လိုအပ်တဲ့ ကန်လုပ်ဖို့ မိုးကာစတွေ မရှိတာကြောင့်လည်းပါတယ်” လို့ သူကရှင်းပြပါတယ်။
ရေသိုလှောင်ဖို့ အခက်အခဲတွေ အပြင် စစ်ကောင်စီက စစ်ရှောင်စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် စခန်း နေရာ မကြာခဏ ပြောင်းရွှေ့ရတဲ့ အခြေအနေတွေကြောင့် အခုလို ရေရှားပါးမှုတွေ ကြုံတွေ့နေရတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်တွေ အနေနဲ့ နေရာပြောင်းရွှေ့ရာမှာ ရေအရင်းအမြစ်နဲ့ ဝေးကွာတဲ့ နေရာတွေမှာ စခန်းချရတာတွေ ကြုံတွေ့ရလေ့ရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ရှင်းပြပါတယ်။
လက်ရှိ ရေရှားပါးတဲ့ စစ်ရှောင် စခန်းတွေကို ကားတွေနဲ့ ရေပို့ဆောင်ပေး နေပေမဲ့ လိုအပ်တဲ့ ကားစက်သုံးဆီတွေ၊ မိုးကာစတွေနဲ့ အထွေထွေ အသုံးစရိတ်တွေ နည်းပါးနေတာကြောင့် ပြည်သူတွေ အနေနဲ့ ၀ိုင်း၀န်းကူညီ ပေးကြဖို့ ကူညီပေးနေသူတွေက မေတ္တာရပ်ခံ ထားပါတယ်။