မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဆိပ်ကမ်းကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများက မြစ်ကမ်းတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် သပိတ်ကျင်းမြို့နယ် ဆိပ်ကမ်းကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၆ စင်းသည် သပိတ်ကျင်းမြို့နယ်အတွင်းသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်မှ အောက်သို့ စုန်ဆင်းလာချိန်မှ စ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြစ်ကြောင်း တစ်လျှောက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။
“သပိတ်ကျင်း ဆိပ်ကမ်းမကပ်ခင်တော့ တအားပစ်တာဗျ။ မြစ်အနောက်ဘက်ကို တမင်သက်သက်ပစ်တာပါ။ ထွက်ပြေးတိမ်းရှောင်သူ ၄၀၀ ကျော်လောက်ရှိတယ်ဗျ” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အညာသီဟတောရွာ ၊ မှန်သာရွာ အပါအဝင် သပိတ်ကျင်းမြို့ မြစ်အနောက်ဘက်ရှိ ကျေးရွာများနှင့် မြစ်ကြောင်းဘေး နေထိုင်းနေသူများ ထွက်ပြေး ရှောင်တိမ်း နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။