မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့စည်ပင်သာယာပန်းခြံအား စောင့်နေသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း ရေစကြိမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖထံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၂၈ ရက် ညနေ ၄ နာရီခန့်က ရေစကြိုမြို့နယ်၊ စည်ပင်သာယာ ဦးစီးမှူးနှင့် ဒုဦးစီးမှူး တို့ နေထိုင်သော စည်ပင်သာယာပန်းခြံကို စောင့်နေသည့် အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး ရေစကြိ မြို့နယ်ပြည်သူ့ဆေးရုံအတွင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
“ရေစကြိမြို့ပေါ်မှာပဲ ရှိတဲ့ပန်းခြံပါ၊ အဲဒီပန်းခြံမှာက စည်ပင်သာယာဦးစီးမှူးနဲ့ ဒုဦးစီးမှူးတို့ နေတာကို စောင့်ပေးနေတဲ့ စစ်ခွေးတွေကို ဝင်ပစ်ခဲ့တာ၊ အပြန်အလှန်ပစ်ခတ်မှုကတော့ ၁၅ မိနစ်လောက်ပဲကြာခဲ့ တယ်၊ ဒဏ်ရာရတဲ့တစ်ယောက်ကတော့ အပြင်းအထန်ရပြီး ရေစကြိုဆေးရုံကိုခေါ်သွားတယ်လို့ သိရ ပါတယ်၊ သေမသေတော့ စုံစမ်းမရဘူးဖြစ်နေတာ” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ ရဲဘော်များမှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။