အာဏသိမ်းစစ်ကောင်စီက ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်ရပ်တည်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က မနေ့က ပါတီ ၃၅နှစ်ပြည့် အထိမ်းအမှတ်နေ့ မှာ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
နိုင်ငံရေးပါတီ တခုအနေနဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ထုံးစံဆိုပေမယ့် ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတာ၊ တရားမမျှတတဲ့ ရွေးကောက်ပွဲဥပဒေ စတာတွေကြောင့် ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တည်ခဲ့သလို လက်ရှိမှာလည်း ဥပဒေမဲ့ နိုင်ငံတော်အာဏာ မတရားသိမ်းထားတဲ့ စစ်ကောင်စီက ကျင်းပဖို့ကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု ဆန့်ကျင်ရပ်တည်သွားမယ်လို့ NLDက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် NLDပါတီ ခေါင်းဆောင်တွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားလျက်ရှိနေရာမှာ အရပ်သားပြည်သူ ၁၅၈၃၈ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဲဒီအထဲမှာ NLDပါတီဝင် ၁၇၆၉ဦး ပါဝင်တယ်လို့ NLDက ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်တဲ့ အရပ်သားပြည်သူ ၄၀၁၁ဦးထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီဝင် ၉၇ဦးပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူ၆၈၈ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေမဲ့ချိတ်ပိတ်သိမ်းဆည်းခဲ့မှုမှာလည်း NLDပါတီဝင် ၃၇၃ဦးရဲ့ ပိုင်ဆိုင်မှုတွေလည်း ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရသလို NLDပါတီ ရုံးချုပ်အပါအဝင် ရုံးတွေကို အကြိမ် ၁၆၀အထိ ပစ္စည်းတွေခိုးယူသယ်ထုတ်တာ၊ ဖောက်ခွဲဖျက်ဆီးတာနဲ့ မီးရှို့ဖျက်ဆဖီးတာတွေကို စစ်တပ်က လုပ်ဆောင်ခဲ့တယ်လို့ NLDရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။