ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ပင်လယ်ကွေ့ စစ်ရှောင်စခန်းက ပြည်သူတွေဟာ စစ်ရှောင်ကာလ ၂ နှစ်ကျော်ကြာပြီဖြစ်လို့ နေရပ်ပြန်ချင်ပေမဲ့ မြေမြှုပ်မိုင်းတွေကြောင့် မပြန်ရဲသေးဘူးလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
အဲဒီစခန်းမှာ တနန်းဦးကွိုင်ကျေးရွာက အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၈၀ လောက်ဟာ ၂၀၂၁ ခုနှစ် ၅ လပိုင်းကစလို့ စစ်ဘေးရှောင်ခိုလှုံနေရတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးယောက်က “အိမ်ပြန်ချင်တယ်။ မပြန်ရဘူးပြောတယ်။ အရင်က ညညဆို တအားငိုတယ်။ အိမ်ကိုသတိရတာပေါ့။ ကိုယ်တယောက်တည်းမှ မဟုတ်တာ။ သူများတွေလည်း အများကြီးရှိတာပဲ။ အဲလိုပဲ ဖြေသိမ့်ရတယ်။ အရင်နှစ်တွေတုန်းက အိမ်ကို ခဏပြန်ကြည့်လို့ရပေမဲ့ အခုချိန်မှာတော့ မိုင်းထောင်ထားတယ်လို့ သိရတဲ့အတွက် မပြန်ရဲလို့ အိမ်တွေလည်း ပျက်စီးကုန်ပြီ” လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ စစ်ရှောင်ရတဲ့အတွက် စီးပွားရေး လုပ်ကိုင်စားသောက်ဖို့အဆင်မပြေဘဲ တခါတရံ နေ့စားအငှားလိုက်ရတာမျိုးရှိတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ နေထိုင်နေရတဲ့ ယာယီတဲတွေ ပျက်စီးလာတဲ့အပြင် စားသောက်ရေးမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။