မြန်မာအရေးကိစ္စက ပြည်တွင်းရေးမဟုတ်ကြောင်းနဲ့ ရှုပ်ထွေးခက်ခဲလှတဲ့ အခြေအနေတွေက ဒေသတွင်း နိုင်ငံများကို ရိုက်ခတ်လျက်ရှိနေကြောင်း စက်တင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါ တယ်။
လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) ရဲ့ အစည်းအဝေးတွေကို စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပြီး လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ စပ်လျဉ်း တဲ့ အထွေထွေဆွေးနွေးမှု အစီအစဉ်မှာ သံအမတ်ကြီးက အခုလိုထည့်သွင်းပြောကြားလိုက်တာပါ။
“ ရိုဟင်ဂျာများကို လက်ခံထားသည့် အိမ်ရှင်နိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရားမဝင် စစ်အာဏာသိမ်းမှု၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရ” တယ်လို့လည်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေ တာတွေက ပြောပြလို့ပင် မရနိုင်အောင် ဆိုးရွားတဲ့ ကြေကွဲဖွယ် အခြေအနေများကို အပြီးတိုင် ရပ်တန့်ရန် ထိရောက်ပြတ်သားတဲ့ အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် တောင်းဆိုထားကြောင်းနဲ့ ၎င်းရဲ့ ပြောဆိုချက်ကို အပြည့်အဝ ထောက်ခံကြောင်းလည်း သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း ၁ ဒဿမ ၉ သန်းကျော်တဲ့ ပြည်သူတွေက နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီးတော့ ၁၈ သန်းကျော်တဲ့ ပြည်သူတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်ဆိုပြီးတော့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်နီးပါးက နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ ရောက်နေပြီးတော့ မြန်မာပြည်သူတွေကလည်း အကြောက်တရားနဲ့ နေထိုင်နေရတယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းတွေ ၊ ဆေးရုံးတွေနဲ့ လူအများနေထိုင်ရာ နေရာတွေကို လေကြောင်းကနေတိုက်ခိုက်တာ ၊ ဗုံးကြဲတာတွေကို ဆက်တိုက်ကျူးလွန်နေတယ်ဆိုတာနဲ့ အသက်ကယ် ဖို့အတွက် ကာကွယ်ဆေးဖြန့်ဖြူးတာတွေကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့လည်း သံအမတ်ကြီး က ကုလအစည်းအဝေးမှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်။