ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်းတွေ အနေနဲ့ အရေးပေါ်မီးဖွားစရိတ်နဲ့ ဆေးကုသ စရိတ်တွေကို အကူညီရရှိဖို့ ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကို လျှောက်ထားနိုင်တယ်လို့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ဝန်ထမ်းရေးရာဌာနဟာ လက်ရှိ အကြပ်အတည်းကာလအတွင်း ကန်ပက်လက်မြို့နယ်ရှိ CDM ဝန်ထမ်းတွေ ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နိုင်ဖို့ အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပံ့ပိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ကန်ပက်လက်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းရေးရာဌာနအနေနဲ့ CDM ဝန်ထမ်တွေရဲ့ အရေးပေါ် အခက်အခဲတွေကို စိစစ်အတည်ပြုကာ အကူညီတွေ ပေးနေပြီး နောက်ပိုင်းမှာ ပံ့ပိုးကူညီမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
CDM ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာဌာနက တစ်ဆင့် ဒါမှဟုတ် ပြည်သူ့ အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာလည်း အမည်စာရင်းပေးသွင်းနိုင်လို့ ထုတ်ပြန်ထားပါတယ်။
မီးဖွားစရိတ် လျှောက်ထားလိုသူတွေအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း CDM ပြုလုပ်သူတွေ၊ မီးဖွားစရိတ်လျှောက်သူ ကိုယ်တိုင် CDM ဝန်ထမ်း ဒါမှမဟုတ် ခင်ပွန်းဖြစ်သူဟာ CDM ဝန်ထမ်းဖြစ်ရမှာဖြစ်ပြီး (၆) လအတွင်း ဘယ်အဖွဲ့အစည်းဆီကမှ မီးဖွားစရိတ် မရရှိဖူးသူ ဖြစ်ရမယ်လို့ ကန့်သတ်ထားပါတယ်။
မီးဖွားစရိတ်လျှောက်ထားသူတွေဟာ CDM ပြုလုပ်ခဲ့တဲ့နေ့၊ အမည်၊ ရာထူး၊ ဌာန၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်/လိပ်စာ၊ ငွေလက်ခံမယ့် Kpay No/Account Name or Wave Pay Number တို့ လိုအပ်ပါတယ်။
ဆေးကုသစရိတ် လျှောက်ထားလိုသူတွေဟာ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း CDM ပြုလုပ်သူတွေ၊ ဆေးကုသကုသစရိတ်လျှောက်သူကိုယ်တိုင် CDM ဝန်ထမ်း ဒါမှမဟုတ် ခင်ပွန်း/ဇနီးဖြစ်သူဟာ CDM ဝန်ထမ်းဖြစ်ရမှာဖြစ်ပြီး (၆)လအတွင်း ဘယ်အဖွဲ့အစည်းဆီကမှ ဆေးကုသစရိတ် မရရှိဖူးသူ ဖြစ်ရမယ်လို့ ကန့်သတ်ထားပါတယ်။
ဆေးကုသစရိတ်လျှောက်ထားသူတွေဟာ CDM ပြုလုပ်ခဲ့တဲ့နေ့၊ အမည်၊ ရာထူး၊ ဌာန၊ မိမိခံစားနေတဲ့ ရောဂါအမည်နဲ့ ဖြစ်စဉ်အကျဉ်း ဒါမှမဟုတ် ဆေးမှတ်တမ်းကို ပြသရမှာဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်/လိပ်စာ၊ ငွေလက်ခံမယ့် Kpay No/Account Name or Wave Pay Number တို့ လိုအပ်ပါတယ်။
ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာ အစည်းအဝေးတွေက တဆင့် တရားဝင် ဝင်ခွင့်ပေးတဲ့ CDM ဝန်ထမ်းတွေကိုသာ ပံ့ပိုးကူညီမှုတွေဆောင်ရွက်ပေးမှာဖြစ်ပြီး အများပြည်သူ အကျိုးပြုလုပ်ငန်းတွေ ပါဝင် လုပ်ကိုင်နေတဲ့ ဝန်ထမ်တွေကို အဓိက ဦးစားပေးဆောင်ရွက်သွားမှာဖြစ်သလို လျှောက်ထားတဲ့ ဝန်ထမ်းတွေရဲ့ အချက်အလကတွေကို ဌာန/မြေပြင်တာဝန်ခံတွေနဲ့ တိုက်ဆိုင်စစ်ဆေးမယ်လို့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။