ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးတဝိုက်ကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီတစ်ကြိမ်အင်အားဖြည့်ရာမှာ စစ်ကောင်စီတပ်ဟာ အရင်ကလို အလုံးအရင်းနဲ့ ဝင်ရောက်လာတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်း အင်အားဖြည့်နေတာလို့ ကရင်နီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အင်အားဖြည့်နေတာကတော့ အရင်လို အလုံးရင်းနဲ့ဝင်လာတာမျိုးမဟုတ်တော့ဘူး။ဒီလထဲမှာတော့ တဖြည်းဖြည်းနဲ့ တော်တော်များတယ်။ အခုသူတို့အင်အားများများနဲ့ စစ်ကြောင်းထိုးတာမဟုတ်ဘဲ ညနက်ရင် ကင်းပတ်သလိုဘာလိုလိုနဲ့ ၃၀/၄၀လောက်ညတိုင်းလိုလို အင်အားဖြည့်တာ”လို့ သူက ပြောပါတယ်။
နည်းနည်းစီ အင်အားဖြည့်ရင်း မိုးဗြဲမြို့ပတ်လည်မှာ စစ်ကောင်စီအင်အား ၁၀၀၀ နီးပါးလောက်ထိရှိနေပြီး မြို့ထဲဆည်မြောင်းမှာလည်း ကင်းပုန်းချထားတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ ခမရ ၄၂၂ တပ်ထဲကိုလည်း လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေသယ်ဆောင်လာတဲ့ ကားတွေ တော်တော်များများပို့နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။