ဝန်းသိုမြို့တွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်ဒဏ်ရာရခဲ့သည့် ကလေးငယ်များအားလုံး ဒဏ်ရာသက်သာလာကြောင်း ဒေသခံအချို့ ကပြောသည်။
ဝန်းသိုမြို့နယ်၊ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမဘုန်းကြီးကျောင်းတိုက်ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်ခန့်တွင် လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂၀ ဦးဒဏ်ရာရခဲ့ပြီး ခြောက်ဦးသည် ဒဏ်ရာပြင်းထန်ခဲ့သည်။
“ဒဏ်ရာပိုပြင်းတဲ့ ကလေး ခြောက်ယောက်စလုံး အခြေအနေကောင်းပါပြီ။ အကြီးစားခွဲစိတ်ရတဲ့ အဆင့်မရောက်ခဲ့လို့ ကံကောင်းပါတယ်။ အားလုံး စိတ်ချရပါပြီ”ဟု ဝန်းသိုမြို့မှ ဒေသခံတစ်ဦးကယနေ့(အောက်တိဘာလ ၁ရက်) ပြောသည်။
ဝန်းသိုမြို့မှ စစ်ကောင်စီက ခြေမြန်တပ်ရင်း ခမရ (၁၀၂) မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက်စစ်ဘက်ခွဲခြားမှုမရှိ၊ကျိုးကြောင်းမဲ့ ပစ်ခတ်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဌာန(MOD)က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီက စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည်ဟုလည်း NUGက ဖော်ပြထားသည်။
ကလေးငယ် ၂၀ ဦးတွင် ၇ ဦးမှာ အစအနခွဲချုပ်ခဲ့ရပြီး ၊ ၁၂ ဦးမှာ ရှပ်ထိဒဏ်ရာရရှိခဲ့ကာ ၊ ၁ ဦး မှာ အပူလောင်ခဲ့ကြောင်း NUG မှသိရသည်။
စစ်ကိုင်းတိုင်း၊ ဝန်သိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲမဖြစ်ပွားဘဲ ခြေမြန်တပ်ရင်း- ခမရ (၁၀၂) ထဲမှလက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။