ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး စစ်ဆေးရာ ကိုယ်ဝန် ပျက်ကျသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလကတည်းက ပင်းတယမြို့၊ ဆင်ခေါင်းရပ်ကွက်ရှိ ဆွေမျိုးတွေရဲ့ နေအိမ်မှာ စစ်ဘေးရှောင်နေတဲ့ အမျိုသမီးကို စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
နီးစပ်သူ အမျိုးသား တစ်ဦးက “ရွာငံ ရဲစခန်းမှာ ဖမ်းထားတာ။ ဖမ်းပြီးတော့ စစ်တယ်။ ဘယ်လို စစ်လဲတော့ မသိဘူး။ သွေးတွေ ဆင်းပြီးတော့မှ ကိုယ်ဝန် ပျက်ကျတယ်။ ကိုယ်ဝန်က ၃ လ။ ရိုက်နှက်တာလည်း ပါရင် ပါမှာပေါ့။ ငွေညှစ်တာတော့ မရှိဘူး” လို့ ပြောပါတယ်။
အဲဒီ အမျိုးသမီးဟာ အသက် ၃၀ အရွယ် ဖြစ်ပြီး ခင်ပွန်းဖြစ်သူကို လာရောက် ဖမ်းဆီးရာမှာ မတွေ့တာကြောင့် ဇနီးဖြစ်သူကို ဖမ်းဆီးသွားတာလို့ သူက ဆက်ပြောပါတယ်။
အဲဒီနောက် စက်တင်ဘာ ၃၀ ရက်၊ ညပိုင်းမှာ ပြန်လွတ်လာပြီး လတ်တလော ပဲရင်းတောင်ကျေးရွာ နေအိမ်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
“သူတို့ လင်မယားက နိုင်ငံရေး မလုပ်ပါဘူး။ အတူနေတာ ကြာပြီဆိုတော့ ကိုယ်ဝန်တောင် ရတယ်။ သူတို့ရွာက တစ်ရွာလုံး အသတ်ခံရကတည်းက ရှောင်နေရတယ်လေ။ အခုမှ သတင်းရပြီး လာဖမ်းတာ။ မနှစ်တုန်းက သူတို့ရွာက ယောကျ်ားလေးတွေကို ဖမ်းတယ်။ အပြစ်မရှိတာလည်း သိတယ်။ ပြီးရင် ငွေညှစ်တယ်။ ၁၀ သိန်းရရင် ဆယ်သိန်း၊ ၅၀ ရရင် ၅၀၊ ၁၀၀ ရရင် ၁၀၀ အများကြီး ညှစ်ခဲ့တယ်။ အဲဒီ ၉ ယောက် သတ်ခံရတုန်းက” လို့ ဒေသခံ အမျိုးသား တစ်ဦးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က ရွာငံမြို့နယ်၊ ပဲယင်းတောင်ကျေးရွာနေ အမျိုးသား ၉ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီးနောက် ရွာလုံးကျွတ် နီးပါး လူဦးရေ ၄၀၀ ကျော်ဟာ လက်ရှိအချိန်အထိ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒေသတွင်း ဇူလိုင်လ ၂၉ ရက်နေ့မှာ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး-DPLF ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် ဓနုဒေသတွေဖြစ်တဲ့ ပင်းတယ၊ ရွာငံမြို့နယ် အပါအဝင် သာစည်၊ ရပ်စောက် စတဲ့မြို့နယ်တွေမှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၅၀ ကျော် ရှိပြီလို့ စုံစမ်း သိရှိရပါတယ်။