စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ခရိုနီလက်သစ်ဆိုသူ ဉာဏ်လွင်အောင်ကို မနေ့ အောက်တိုဘာ ၂ ရက်နေ့ညက ရန်ကုန်မြို့၊ လသာမြို့နယ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် စစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အချက်အလက် အထောက်အထားတွေကို Urban Owla မြို့ပြပြောက်ကျားအဖွဲ့က ဒီနေ့မှာ ထုတ်ဖော်ပြသပါတယ်။
အဲ့ဒီအချက်အလက်တွေထဲမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုရှားသွားချိန် ခရိုနီလက်သစ်ဆိုသူ ဉာဏ်လွင်အောင်လည်း လိုက်ပါသွားခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းကိုလည်း ထုတ်ပြပါတယ်။
ဒါ့အပြင် အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးဖြစ်တဲ့ အေးနေဝင်းတို့နဲ့ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ၊ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ စစ်တပ်က ပညာတော်သင်စေလွှတ်ထားတဲ့ စစ်တပ်အရာရှိတွေနဲ့ တွဲရိုက်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ စစ်တပ်ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းရုံးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
ခေတ်ပျက်ထဲမှာ ငွေနဲ့အာဏာကို မက်မောပြီး စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ခရိုနီဖြစ်ချင်သူ လုပ်ငန်းရှင်များစွာရှိနေပြီး အဲ့ဒီသူတွေရဲ့ စာရင်းကိုလည်း စုဆောင်းထားတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ ဆိုပါတယ်။
စစ်တပ်နဲ့ပူးပေါင်းနေတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရေးယူသွားမယ်လို့ Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်သတိပေးထားပါတယ်။