ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အလယ်ပိုင်းကစပြီး ပြည်သူ ၃,၀၀၀ ကျော် ဖျားနာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဆေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖျားနာနေတဲ့ အထဲမှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ ပါဝင်ပြီး လူဦးရေ ၅,၀၀၀ ကျော်ရှိတဲ့အနက် ၃,၀၀၀ ကျော် ဖျားနာနေတယ်လို့ ဆိုပါတယ်။
ဆေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “အခု ဖြစ်နေတာက စစ်ဘေးရှောင် အများစုပေါ့နော်။ ရွာသားတွေလည်း ပါတယ်။ စစ်ဘေးရှောင်တွေကျတော့ အဟာရမပြည့်တော့ ပြန်ကောင်းဖို့က တော်တော် အချိန်ယူရတယ်။ ကျနော်တို့မှာ ဆေးဝါးလည်း အရမ်း ခက်ခဲတယ်။ ပါရာစီတမောတောင်မှ လုံလုံလောက်
လောက်မရဘူး။ အလှူရှင်က ရှိတယ်ဆိုရင်တောင် လမ်းကြောင်းက မလွယ်ဘူး” လို့ ပြောပါတယ်။
ရောဂါဖြစ်ပွားတဲ့ နေရာဟာ ဒေါရောက်ခူကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေ ပါဝင်ပြီး ဆေးပေးခန်း တစ်ခုသာ ရှိတာကြောင့် ဆရာဝန်နဲ့ လူနာ မမျှတဲ့အပြင် အခြေခံ ဆေးနဲ့ ဆက်စပ် ပစ္စည်းတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ ချောင်းဆိုး၊ ရင်ကျပ်၊ ငှက်ဖျား စတာတွေ ဖြစ်ပွားသူ အနည်းငယ် ပါဝင်တဲ့အပြင် အများစုက မိုးယိုတာကြောင့် အအေးပတ်ပြီး ရာသီတုတ်ကွေး ဖြစ်တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည်ထဲကို ဆေးနဲ့ ဆက်စပ်ပစ္စည်း သယ်ယူခွင့် မပေးဘဲ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဆေးတွေ အကုန် သိမ်းဆည်းနေတယ်လို့ စစ်ဘေးရှောင် ကူညီတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာ ဆေးနဲ့ဆက်စပ် ပစ္စည်းတွေကို မှောင်ခို လမ်းကြောင်းကနေ သယ်နေရတာကြောင့် အရေအတွက် အကန့်အသတ် ရှိနေပြီး ရာသီတုတ်ကွေး ဖြစ်ပွားသူတွေ ပိုများလာမှာကို ကူညီတဲ့ ဆေးအဖွဲ့ တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။