မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာရှိ ရေစက်စောင့် စစ်သားများကို ခြုံခိုတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန် ကိုင်းတောမ ကျေးရွာ စခန်းချတပ်စွဲပြီး မြိုင် စက်မှု ၂ သို့ ရေပေး နေသော ရေစက်ကိုစောင့် စစ်တပ် ကို ခြုံခို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုရေစက်စောင့် စစ်တပ်က ပြည်သူများ ကို ဖမ်းဆီးနှိပ်စက်၊ ခိုးယူဖျက်ဆီးနေသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးအတွင်း လဲကျသေဆုံးသွားသော အကြမ်းဖက်စစ်သားများ၏ အလောင်းဘေးရှိ သေနတ်များကို ကောက်ယူသိမ်းဆည်းရန် ကြိုးစားခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် ၂ ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး စစ်သားများ အင်အား ထပ်မံဖြည့်တင်းလာမှုကြောင့် လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရရှိသော အကြမ်းဖက်စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူ များကို အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းတွင် Mi 17 ရဟတ်ယာဉ် ဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို မြိုင် ပကဖ တပ်ရင်း၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၄ (စင်္ကြာ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ၊ ပကဖ တပ်ရင်း ၃ တပ်ခွဲ၁ (ဝံပုလွေ) ၊ MUGDF တပ်ဖွဲ့နှင့် ပခုက္ကူခရိုင် တပ်ရင်း ၂ တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။