မြို့တွင်း စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်ဆောင်ဖို့ ရှိပေမဲ့ သေနတ်ပျက်တွေ များနေတာကြောင့် စစ်ဆင်ရေးတွေ ကြန့်ကြာနေတဲ့အပေါ် ပြည်သူတွေ ၀ိုင်း၀န်းထောက်ပံ့ပေးဖို့ Royal Peacock Column တော်၀င်ဒေါင်းစစ်ကြောင်း က မေတ္တာရပ်ခံ လိုက်ပါတယ်။
စစ်မြေပြင် တိုက်ပွဲတွေမှာ ဆက်တိုက် အသုံးပြုခဲ့တဲ့ လက်နက်တွေဟာ မိုးဒဏ်၊ ရေဒဏ် အပါအ၀င် တခြား ပျက်စီး ထိခိုက်မှုတွေ ရှိလာတာကြောင့် ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေ ပြန်လည် ပြုပြင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“စစ်မြေပြင် တစ်ခုမှာ သေနတ် အပျက်ဟာ တုတ်တစ်ခုလောက်တောင် အသုံးမဝင်တော့ပါဘူး။ ပျက်နေတဲ့ သေနတ် ကလည်း တစ်ခုနှစ်ခုတည်း မဟုတ်ပါဘူး၊ အသက်တွေနဲ့ရင်းပြီး မိခင်အိမ်ကို အရောက်ပြန်ကြမှာမို့ ပြည်သူလူထုကို အကူညီ တောင်းရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရဲဘော်တွေ အသက်ဆက်ဖို့နဲ့ ပျက်နေတဲ့ သေနတ်တွေ ပြင်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဝယ်ယူဖို့ ဝိုင်းဝန်း ကူညီပေးကြပါဦးခင်ဗျာ” လို့ တော်၀င်ဒေါင်းစစ်ကြောင်း တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။
တော်၀င်ဒေါင်းစစ်ကြောင်းဟာ လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ညောင်လေးပင်မြို့နယ်မှာ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။