စစ်ကောင်စီတပ်ရဲ့ ရေဖြူစစ်ဗျူဟာနဲ့ သုံးမိုင်လောက်သာ ကွာဝေးတဲ့ ထုံခါအကျဥ်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ KTLA-tcjf တပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက စစ်ကောင်စီတပ်သားအင်အား ၈၀ ခန့် ထုံခါအကျဥ်းစခန်းကိုရောက်နေတာကြောင့် ဒီကနေ့မနက် ၉ နာရီခွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကျဥ်းစခန်းကို ဝင်ပစ်ပြီးပြန်အဆုတ်မှာ အကျဥ်းစခန်းနဲ့ပေ ၁၀၀၀ လောက်အကွာက ကမ္ဘောဇဆီအုန်းခြံအတွင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နှစ်ဖက်ပစ်ခတ်မှုထပ်ဖြစ်ခဲ့တယ်လို့ KTLA-tcjf တပ်ဖွဲ့ကနေ သိရပါတယ်။
“ဒီစခန်းမှာ စကစက ပုံမှန်နေတာမျိုးတော့မဟုတ်ဘူး။ နယ်မြေလှုပ်ရှားရင်းနဲ့မှ အဲဒီထဲမှာဝင်နေတာများတယ်။ မကြာခဏဆိုသလို သုံးလေးရက်တစ်ခါ၊ ခုနှစ်ရက်၊ ရှစ်ရက်တစ်ခါဝင်နေတာများတယ်။” လို့ ကိုစိုင်းညီက ပြောပါတယ်။
ထုံခါအကျဥ်းစခန်းကို မကြာခဏရောက်လာလေ့ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီစခန်းအနီးတဝိုက်မှာရှိတဲ့ ရေဖြူစစ်ဗျူဟာနဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၅၈) တပ်ရင်းတွေကလာတဲ့ တပ်သားတွေဖြစ်တယ်လို့ KTLA-tcjf တပ်ဖွဲ့ကနေ သိရပါတယ်။
အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ဟာ မိနစ် ၅၀ ခန့်ကြာပြီး အဆိုပါ ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၅ ဦးထက်မနည်းဒဏ်ရာရခဲ့ပြီး စစ်ကောင်စီကင်းတဲ ၃ လုံး ကြေမွပျက်စီးခဲ့တယ်လို့ ကိုစိုင်းညီက ပြောပါတယ်။
တိုက်ခိုက်မှုကို ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနဲ့ KTLA-tcjf-Tanintharyi ထီးစမယ်ရွာတပ်ရင်း၊ ခွဲ-၄ ၊ တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ထုံခါအကျဉ်းစခန်းဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုမှာရှိပြီး ရဲဘက်ဆိုင်ရာ အကျဥ်းသားအများစုနဲ့ မူးယစ်ဆေးဝါးအမှု အကျဥ်းသားတွေရှိရာ အလုပ်ကြမ်းစခန်းတစ်ခုဖြစ်ပါတယ်။
ပစ်ခတ်မှုအတွင်းစစ်ကောင်စီကင်းတဲစခန်းတွေကိုပဲ အဓိကဦးတည်တိုက်ခိုက်ခဲ့တာကြောင့် အကျဥ်းသားထိခိုက်မှုတော့မရှိဘူးလို့ KTLA-tcjf တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ထုံခါအကျဥ်းစခန်းဟာ ပြီးခဲ့တဲ့နှစ်၊ မေလကလည်း ပထမအကြိမ်တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။